လုပ်အားပေး လာသည့် ယာဉ် မိုင်းဆွဲ တိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။
ခြုံရှင်းလုပ်အားပေးရန် လာသည့် စစ်ကောင်စီ တပ်ဖွဲ့၏ ယာဉ်တစ်စီး မြိတ်မြို့အတွင်း မိုင်းဆွဲတိုက် ခိုက်ခံရသည်ဟု မြို့ခံများက ပြောသည်။
မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ ဘုံပျံရပ်ကွက်ရှိ တက္ကသိုလ် မိန်းလမ်းမကြီးတွင် ဇူလိုင် ၁၆ ရက်နေ့၊ နံနက် ၇ နာရီခန့်က ခြုံရှင်းလုပ်အားပေးရန်လာသည့် စစ်ကောင်စီ တပ်ဖွဲ့၏ ယာဥ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခြင်း ခံရသည်ဟု ရပ်ကွက်သားများက ပြောသည်။
“ဂျိမ်း ဆိုတဲ့ ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ ဖြစ်တဲ့နေရာက လူအသွားအလာလည်း နည်းပါတယ်” ဟု အသက် ၃၀ ခန့် အရွယ် ဘုံပျံရပ်ကွက်သားတစ်ဦးက ပြောသည်။
ဘုံပျံစာသင်ကျောင်းသို့ ခြုံရှင်းရေး လုပ်အားပေးရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့၏ ယာဥ်ကို မြိတ် ပြည်သူ့ကာ ကွယ်ရေး (ပကဖ) အဖွဲ့ က လမ်းမှဖြတ်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဇူလိုင်လ ၁၆ ရက်နေ့၊ နေ့လည် ပိုင်းတွင် သတင်းထုတ်ပြန် ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို နန်းထိုက်အောင် စစ်ဆင်ရေးဟု အမည်ပေးထားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ယာဥ် နှင့် လူထိခိုက်သေဆုံးမှုများအား အတည်မပြုနိုင်သေးဘူးဟုလည်း ထုတ်ပြန်ချက်ထဲတွင် ရေးသား ဖေါ်ပြထား သည်။
ဗုံးပေါက်ကွဲပြီးသည့်နောက် ဘုံပျံစာသင်ကျောင်း၏ အဝင်အထွက်လမ်းများကို ဝင်ထွက်ခွင့်မပြုတော့ပဲ အတား အဆီးများဖြင့် ပိတ်ထားပြီးနောက် ဌာနဆိုင်ရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သန့်ရှင်းရေး ဆက်လက် လုပ်ကိုင်နေသည်ကို တွေ့မြင်ရသည်ဟု ရပ်ကွက်သားများက ပြောသည်။
ထိုတိုက်ခိုက်မှုသည် မြိတ်ပြည်သူလူထုနှင့် (လုံးဝ) သက်ဆိုင်မှုမရှိကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့၏ ယာဥ်များနှင့် အနီးကပ်ပြီး ပြည်သူများ၏ ယာဥ်များ၊ ကားများ သွားလာခြင်း မပြုလုပ်ကြရန် မြိတ်ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့က သတိပေး ဖေါ်ပြထားသည်။
ဘုံပျံရပ်ကွက်သည် မြိတ်ခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးနှင့် မြိတ်တက္ကသိုလ်တို့၏ အနီး အနောက် ဘက်ရှိ လူနေထူထပ်သည့် ရပ်ကွက်တစ်ခု ဖြစ်သည်။