ရေးမြို့နယ်အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်။
မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း (ခ) ဆဒ္ဒန်ကို ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့် က ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
”အသုဘရှိနေလို့ ဥက္ကဋ္ဌလည်း အသုဘပို့သွားတာ။ သုသာန်မှာရှိနေတဲ့ အချိန်မှာ သေနတ်သမားက ဝင်ပစ်သွား တာ။ သေနတ်ပစ်ခံထိပြီး ဥက္ကဋ္ဌ လဲကျသွားတာ အဲ့ဒီနေရာမှာပဲ ဆုံးသွားတယ်” ဟု ရွာခံတစ်ဦးက ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းသည် ကျေးရွာက နာရေးအသုဘပို့ရင်း သုသာန်တွင် ရှိနေစဥ် သေနတ်သမားများ က ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
သေနတ်သမားများသည် ဦးစန်းဝင်းအား ပစ်သတ်ပြီးနောက် ပြန်အထွက်တွင် အခြား အသုဘနာရေး လာပို့သူ တစ်ဦးကိုလည်း ပစ်ခတ်သွားခဲ့ကြောင်း ထိုပစ်ခတ်ခံရသူမှာလည်း လက်ရှိတွင် ဆေးရုံတင်ထားရသည်ဟု ဒေသခံများက ပြောသည်။
ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယခု ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း (ခ) ဆဒ္ဒန် ပစ်ခတ်ရခြင်းမှာ ဒေသခံပြည်သူများ၏ တိုင်ကြားချက်ကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
သို့သော်လည်း တိုင်ကြားချက်နှင့် ပတ်သက်ပြီး ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသေးစိတ် ထုတ်ပြန် ထားခြင်းမရှိပေ။
ထို့အပြင် မော့ကနင်းကျေးရွာနေ ကိုဇော်ဆိုသူကိုလည်း ဦးစန်းဝင်းနှင့်အတူ ရှင်းလင်းခဲ့သည်ဟုလည်း ရေးမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း (ခ) ဆဒ္ဒန်သည် မွန်အဆိုတော်တစ်ဦး ဖြစ်ပြီး ဦးသိန်းစိန် အစိုးရ လက်ထက်ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်ဟု သိရသည်။