ပျူစောထီးတစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက PDF စခန်း သတင်းပေးတိုင်ကြားရာ ပါဝင်သည်ဟု ဆိုသူလည်းဖြစ်၊ ပျူစောထီးအဖွဲ့ဝင်လည်း ဖြစ်သူ တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြော သည်။

လောင်းလုံးမြို့နယ်၊ ပြင်ကြီးကျေးရွာပ ပျူစောထီးအဖွဲ့ဝင် ဖြစ်သူ ကိုဇော်လတ် အသက် ၄၀ နှစ် သည် ဇူလိုင် ၁၉ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု သိရ သည်။

“ဒိုင်း ဒိုင်း ဆိုပြီး သေနတ်သံ နှစ်ချက်ကြားရတယ်။ ထိတာတော့ ခေါင်းနဲ့ ရင်ဘတ်မှာ ကျည်ထိသွားတာ။ အလောင်းကို ညနေပိုင်းမှာ သူ့မိသားစုက လာသယ်သွားတယ်” ဟု အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦး က ပြောသည်။

ကိုဇော်လတ် သည် ကရင်ကြီးကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ပြင်ကြီးကျေးရွာသို့ လာရောက်စဉ် ကျေးရွာရှိ စာသင်ကျောင်းအနီး အရောက်တွင် လူငယ်နှစ်ဦးက စောင့်ကြို၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရ သည်။

သေဆုံးသူ ကိုဇော်လတ်သည် ယခင်က ထားဝယ်မြို့ပေါ်တွင် နေထိုင်ပြီး ဆိုင်ကယ် အရောင်းအဝယ် အပြင် မူးယစ်ဆေး ရောင်းဝယ်ဖြန့်ဖြူးခဲ့ခြင်းကြောင့် ထောင်ကျခံရဖူးသူတစ်ဦးလည်း ဖြစ်သည်ဟု ရွာသားများက ဆို သည်။

ထို့အပြင် ကိုဇော်လတ်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်မြောက် လာ ပြီး စစ်ကောင်စီက ခန့်ထားသည် ကရင်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် ဖြစ်သူ ဦးလေးလေး ထံတွင် တပည့်ခံကာ လောင်းကစားဝိုင်းတွင် ဒိုင် လုပ်နေသူတစ်ဦးလည်း ဖြစ်သည်ဟု ရွာသား များ က ပြောသည်။