မော်လမြိုင် အထက်တန်းကျောင်း တံတိုင်းပြို၊ လူငါးဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အထက(၅) စာသင်ကျောင်း အုတ်တံတိုင်းပြိုကျပြီး ၅ ဦး သေဆုံးကာ တစ်ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံများနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တာဝန်ရှိသူများက ပြောသည်။
မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်ရှိ အထက (၅) စာသင်ကျောင်းဘေး အုတ်တံတိုင်း ဇူလိုင် ၂၂ ရက်နေ့၊ နံနက် ၉ နာရီ ၁၅ မိနစ် အချိန်ခန့်က ပြိုကျမှုဖြစ်ပွားခဲ့သည်။
”အုတ်တံတိုင်း ဘေးမှာက လက်ဖက်ရည်ဆိုင်တွေရှိတယ်။ အဲ့ပေါ်မှာ ပြိုကျသွားတယ်။ လူ ၆ ယောက် ပိမိ တယ်။ ၅ ယောက်ကတော့ ဆုံးသွားတယ်။ တစ်ယောက်ကတော့ အသက်ရှင်တယ်” ဟု လူမှုကယ်ဆယ်ရေး တာ ဝန်ရှိသူတစ်ဦး က ပြောသည်။
အုတ်တံတိုင်း ပြိုကျမှုကြောင့် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး သေဆုံးပြီး အမျိုးသားတစ်ဦးကို အသက်ရှင် လျက် ကယ်ဆယ်နိုင်ခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
အုတ်တံတိုင်း ပြိုကျမှုကြောင့် သေဆုံးသွားသူများ နှင့် ထိခိုက်ဒဏ်ရသူတို့ကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က မော် လမြိုင် ဆေးရုံသို့ ပို့ဆောင်ထားသည်ဟုလည်း သိရသည်။
ယခု ပြိုကျသွားသည့် အုတ်တံတိုင်းသည် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်ဟု မြို့ခံများက ဆိုသည်။
”အုတ်တံတိုင်းက နှစ်ပေါင်းမနည်းတော့ဘူး။ ကြာနေပြီး မိုးကလည်း များတော့ မခံနိုင်ဘူးလေ ပြိုတာပေါ့။ လူ တွေပါ ထိကုန်တော့တာ” ဟု မြို့ခံတစ်ဦးက ပြောသည်။
အုတ်တံတိုင်းပြိုကျသည့် နေရာကို မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ က ဝိုင်းဝန်း ဖယ်ရှား ရှင်းလင်းလျက်ရှိသည်။
လက်ရှိတွင် အုတ်တံတိုင်းပြိုကျထားသည့် နေရာကို ကန့်သတ်ထားပြီး ဖြတ်သန်းသွားလာမှုများ ပိတ်ထားသည် ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
ဓါတ်ပုံ – CJ