လုံခြုံရေး တင်းကြပ်သည့်ကြားမှ ရဲစခန်းနှင့် ပြန်ဆက်ရုံး ဗုံးခွဲ တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈ ရက်။

ဧရာဝတီတိုင်း ဟင်္သာတမြို့ရှိ လုံခြုံရေးအပြည့်ချထားသည့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အပါအဝင် မြို့မရဲစခန်း နှင့် ပြန်ဆက်ရုံးတို့ကို ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF က ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဟင်္သာတခရိုင် အတွင်းရှိသည့် “ဧရာနဂါးညီနောင်” ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထိုတိုက်ခိုက်မှုကို ဇူလိုင်လ ၂၆ ရက်နေ့၊ ည ၇ နာရီခွဲကျော် အချိန်တွင် လုပ်ဆောင်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

“အုန်း အုန်း နဲ့ ဗုံးကွဲတဲ့ အသံတွေကြားရတယ်။ နောက်ပြီး သေနတ် ပစ်ခတ်နေကြတဲ့ အသံက နာရီဝက်လောက် ကြာတယ်။ လုံခြုံရေး တင်းကြပ်ထားတဲ့နေရာကို ဝင်တိုက်ကြတာဗျ” ဟု ဒေသခံ တစ်ဦး က ပြောသည်။

ဟင်္သာတမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတည် ရှိသည့် မြို့လယ်လမ်းမကြီးကို ပိတ်ဆို့ထားပြီး လုံခြုံရေး အထပ်ထပ်ချထားသည့်အကြားက တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည် ဟု မြို့ခံများက ပြောသည်။

ဟင်္သာတမြို့ ခံတစ်ဦး က “မီးကလည်းပျက်နေတယ်။ ရဲရော စစ်သားရော ရမ်းသမ်းပစ်နေကြတော့ အပြင် ထွက် မကြည့်ရဲဘူး” ဟု ပြောသည်။

စစ်ကောင်စီ၏ ထောက်တိုင် သုံးနေရာကို ပစ်မှတ်ထား၍ လက်ပစ်ဗုံးဖြင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ ပြီး နောက် တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာခဲ့သည်ဟု “ဧရာနဂါးညီနောင်” ဒေသခံ PDF အဖွဲ့ တာဝန်ရှိသူ က ပြောသည်။

“ပြည်သူတွေအနေနဲ့ သူတို့ရဲ့ ထောက်တိုင်တွေနား မသွားကြဖို့ သတိပေးချင်တယ်။ သူတို့နဲ့ ပတ်သက်တဲ့ ဂိတ် တွေ၊ နေရာတွေကို လုံးဝမသွားပါနဲ့။ စကစ က ပြည်သူတွေကို မညှာသလို ကျနော်တို့ကလည်း စစ်ကောင်စီကို မညှာတော့ဘူး ထိပ်တိုက်တိုက်သွားမှာပါ။ ဒီအရေးတော်ပုံက မုချအောင်မှာပါ။ နဂါးညီနောင်အနေနဲ့ မဟာမိတ် တွေနဲ့ ချိတ်ဆက်ပြီး ရှေ့ဆက်လုပ်သွားမှာပါ” ဟု “ဧရာနဂါးညီနောင်” ဒေသခံ PDF အဖွဲ့ တာဝန်ရှိသူ က ပြော သည်။

ဇူလိုင်လ ၂၆ နေ့ ညပိုင်းက ဟင်္သာတမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်တရားရုံး၊ အကျဉ်းဦးစီးဂိတ်ဝ၊ ဟင်္သာတရဲစခန်းနှင့် အကျဉ်းဦးစီးထောင့်ကြားနေရာများကို ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေး ပြောက် ကျားတပ်ဖွဲ့က မိုင်းရှစ်လုံးဖောက်ခွဲ၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။