သတင်းပေးဆိုသူ တစ်ဦး ဘီးလင်းတွင် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ချောင်းပြကျေးရွာက စစ်ကောင်စီ သတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံလိုက် ရ သည်ဟု ဒေသခံများက ပြောသည်။

ချောင်းပြကျေးရွာနေ ဦးပန်းစိန်သည် ဇူလိုင်လ ၂၉ ရက်နေ့၊ ည ၉ နာရီ အချိန်ခန့်က နေအိမ်တွင် ရှိနေစဥ် ပစ်ခတ် ခံလိုက်ရခြင်း ဖြစ်သည်။

“ဦးပန်းစိန်က အိမ်ပေါ်မှာရှိနေတယ်။ သေနတ်သမားတွေက ဆိုက်ကယ်နဲ့ ရောက်လာပြီးတော့ အိမ်ပေါ် တက် ပြီး ပစ်သွားတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးပန်းစိန် ဦးခေါင်းနှင့် ရင်ဘတ်တွင် ရရှိသည့်ဒဏ်ရာြဖင့် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားသည်ဟုလည်း ဒေသခံများက ပြောသည်။

ဦးပန်းစိန်သည် နယ်ခြားစောင့် တပ်ဖွဲ့ BGF နှင့် စစ်ကောင်စီ သတင်းပေးလုပ်နေသည့်အတွက် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ် သည်ဟု ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က ထုတ်ပြန်ထားသည်။

ပစ်သတ်ခံရသည့် ဦးပန်းစိန်သည် ချောင်းပြကျေးရွာ လယ်ယာမြေသမဂ္ဂဥက္ကဌတစ်ဦးလည်းဖြစ်သည်ဟု သိရ သည်။

ထို့အပြင် ဇူလိုင်လ ၂၅ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ကျောက်ရေတွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင် ဆိုသူ ပစ်ခတ်ခံရခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရပ်ကျေး အုပ်ချုပ် ရေး မှူးများ၊ သတင်းပေး ဒလန်ဆိုသူများအပြင် နိုင်ငံရေးပါတီဝင်များ ပစ်သတ်ခံရသည့်ဖြစ်စဥ် မကြာခန ဖြစ်ပွားလေ့ ရှိသည်။