မကွေးတိုင်း မိုးခေါင်မှု ဆန်ရှားပါးမည်ကို စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှု အကျိုးဆက် တစ်ခုဖြစ်သည့် မိုးခေါင် ခြင်း ဆက်လက်ဖြစ်ပေါ်နေပါက ယခုနှစ်အတွက် စပါးမရနိုင်ဘဲ ဆန်ရှားပါးမှုနှင့် ကြုံမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံ တောင်သူများက ပြောသည်။
ဇွန်လ စပါးစိုက်ပျိုးပြီး အချိန်တွင် မိုးရွာသွန်းခဲ့ပြီး ယခုနောက်ပိုင်းတွင် မိုးရွာသွန်းမှုနည်းပါး၍ လယ်ယာမြေများ ပြန်လည် ခြောက်သွေ့သွားပြီး နောက်ထပ် တစ်လအတွင်း မိုးမရွာပါက ရေမရသဖြင့် စပါးခင်းများ ပျက်စီး ဆုံး ရှုံးကာ ရိတ်စရာစပါးမရှိသည့် အခြေအနေမျိုးထိဖြစ်နိုင်သည်ဟု ဇွေးမိကျေးရွာမှ တောင်သူ တစ်ဦး က ပြော သည်။
ဇွေးမိကျေးရွာမှ တောင်သူ တစ်ဦး က “ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဖြစ်ရမှာ အခု မိုးလုံးဝမရွာတော့ တံစဉ် လွတ် ဖြစ်တော့မယ်“ ဟု ပြောသည်။
ယခုနှစ်သည် စပါးကြဲချိန်တွင် မိုးကောင်းခဲ့ပြီး ရေအမှန်တကယ်လိုသည့်အချိန်တွင် မိုးမရွာဘဲ သိသိသာသာ ပူ ပြင်းနေခြင်းကြောင့် မိုးဦးကောင်းပြီး မိုးလယ်မကောင်းသည့် ပုံစံ ရာသီဥတုဖောက်ပြန်နေသည်ဟု လယ် ၆ ဧက စိုက်ထား အသက် ၅၆ နှစ် အရွယ် တောင်သူကြီး တစ်ဦး က ပြောသည်။
“မိုးကလည်းမရွာဘူး။ မိုးမရွာတော့ လယ်တွေမှာ ရေမရှိဘူး။ ပြောရမယ်ဆိုရင် အခက်အခဲတွေ အများကြီးပဲ။ ဒီနှစ် စပါးမရရင်တော့ နောက်နှစ် ဆန်ရှားလိမ့်မယ်။ အခုလည်း ဆန်ဈေးတွေက အရမ်းတက်နေပြီ။ အခြေခံ လူတန်းစားတွေအနေနဲ့ ဘယ်လို နေထိုင်စားသောက်ရမလဲ မသိတော့ဘူး။ ဒါမျိုးတခါမှမကြုံဘူး။”
ဇူလိုင်လ (ဝါဆိုဝါခေါင်လ) သည် နှစ်စဉ်မိုးရွာသွန်းမှု များပြားရမည့် အချိန်ကာလဖြစ်ပြီး ယခု မိုးရွာသွန်းမှု နည်း ပါးနေခြင်းကြောင့် လယ်ယာမြေများ ပက်ကြားအက်နေသည် ဟု သိရသည်။
ထို့အပြင် ယခုနှစ် စက်သုံးဆီဈေးနှုန်း အပါအဝင် ဓါတ်မြေသြဇာကဲ့သို့ သွင်းအားစုများလည်း ဈေး နှစ်ဆ သုံးဆ မြင့်တက်နေပြီး စိုက်ပျိုးစရိတ်ကြီးမြင့်နေခြင်းကြောင့် စပါးကို ပျိုးထောင်စိုက်ပျိုးမှုနည်းပြီး တိုက်ရိုက် မျိုးစေ့ချ (ကြဲခြင်း) စနစ်ဖြင့် စိုက်ပျိုးမှုပိုများသည်ဟု တောင်သူများက ပြောသည်။
“ကျမတို့မြို့နယ်မှာ ရာသီဥတုဖောက်ပြန်နေပြီး စပါးစိုက်ပျိုးချိန်မှာ မိုးရွာပေမယ့် အခုနောက်ပိုင်း မိုးမရွာတာ ကြောင့် လယ်တွေမှာ စပါးကြီး(ကြဲ)ထားတဲ့ ကောက်ပင် တစ်လသားလောက်တွေဟာ အပင်တွေ ညှိုးကုန်ကြ တယ်။ အခု ဝါဆိုလ တစ်လလုံး မိုးမရွာဘဲ နေပူရှိန်ပြင်းတာကြောင့် အခုလိုပုံစံမျိုး ဆက်သွားမယ်ဆိုရင် စပါးရ ဖို့မသေချာဘူး” ဟု ကံမမြို့နယ်၊ ခြောက်ပင်ကျေးရွာက တောင်သူတစ်ဦး က ပြောသည်။
ကံမမြို့နယ်တွင် စပါးကို ဇွန်လ ဒုတိယပတ်တွင် စတင်စိုက်ပျိုးပြီး ဇွန်လကုန်ပိုင်းခန့်တွင်သာ မိုးရေရှိကာ ဇူလိုင် လဆန်းကတည်းက စပြီး မိုးမရွာတော့ကြောင်း မိုးမရွာသဖြင့် စပါးပင်များသည် ညှိုးနွမ်းခြောက်သွေ့နေသည်ဟု တောင်သူများက ဆိုသည်။
ပုလဲမြေဩဇာက လွဲ၍ ကျန်သည့် ဓါတ်မြေဩဇာနှင့် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများ အဆမတန် ဈေးတက် နေသည့်အတွက် ထွက်ရှိလာမည့် စပါးသည် ရင်းနှီးထားရသည့်ငွေ၊ လုပ်အားနှင့် ကိုက်ညီမှုမရှိနိုင်ဟု လယ်သမား များက ညီးညူနေကြသည်။
ကံမတွင် နှစ်စဉ် စပါးကို ဇွန်လ ဒုတိယပတ်ခန့်တွင် စတင်စိုက်ပျိုးကြပြီး အောက်တိုဘာလတွင် ရိတ်သိမ်းကြ သည်။ ထို့အပြင်မှော်ဘီ-၂၊ အင်းမ၊ ကောက်ကြီး၊ ကျောက်ရွေး စသည့် စပါးအမျိုးအစားများကို စိုက်ပျိုးပြီး ပျှမ်း မျှရက် ၁၂၀ သက်တမ်းရှိ စပါးများနှင့် ရာသီစပါးဟုခေါ်သည့် သက်တမ်းတို မျိုးစပါးများကိုသာ ကံမမြို့နယ် အတွင်း စိုက်ပျိုးကြသည်ဟု တောင်သူများက ဆိုသည်။
ကံမမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုး ဧက သုံးသောင်းခန့် ရှိသည်ဟု တိုင်းစိုက်ပျိုးရေး ဦးစီးဌာန ၏ စာရင်း များ အရ သိရသည်။ ကံမမြို့နယ်ထဲတွင် စပါးအပြင် အခြားသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ မတ်ပဲ နှင့် ပဲတီစိမ်း များကိုလည်း စိုက်ပျိုးကြသည်။