စစ်ကောင်စီ လပတ်အစည်းအဝေး ကျင်းပသည့် နေရာအနီး ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။
စစ်ကောင်စီ၏ လပတ်အစည်းအဝေးလုပ်နေသည့် ဧရာဝတီတိုင်း၊ ဖျာပုံမြို့ရှိ “ရွှေရတု” ဧည့်ရိပ်သာနှင့် ပန်းခြံ အနီးတွင် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
ဇူလိုင် ၃၀ ရက်နေ့၊ နံနက် ၁၁ နာရီကျော် အချိန်ခန့်က ဗုံးခွဲတိုက်ခိုက်ခြင်းခံရခြင်း ဖြစ်သည်ဟု မျက်မြင် မြို့ခံတစ်ဦးက ပြောသည်။
“ခန်းမထဲမှာ စစ်ကောင်စီက လပတ် အစည်းအဝေး လုပ်နေကြတာ။ ဝုန်းကနဲ အသံလည်း ထွက်လာပြီးရော အကုန်ပြေးကြလွှားကြနဲ့ ဖြစ်ကုန်တယ်”
ဇူလိုင် ၂၈ ရက်နေ့ကလည်း ဖျာပုံမြို့တွင် တစ်ရက်တည်း၌ နေရာ ၂ နေရာ ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပြီး နောက် တစ် ရက်ခြား အကြာတွင် ယခုကဲ့သို့ ထပ်မံတိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဖျာပုံမြို့ခံများက ပြောသည်။
ပန်းခြံနှင့် စစ်ကောင်စီ၏ “ရွှေရတု” ဧည့်ရိပ်သာအနီးတွင် စစ်ကောင်စီတပ်က လမ်းကို ပိတ်ဆို့ပြီး စစ်ဆေးရေး လုပ်နေသည့် အချိန် “ရွှေရတု” ခန်းမ ဘက်မှ ပေါက်ကွဲ သံထွက်ပေါ်ပြီး စစ်သားများ ခန်းမဘက်သို့ ပြေးသွား သလို ခန်းမဘက်မှလည်း ပြေးထွက်လာကြသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
“ဖျာပုံခရိုင်အတွင်းမှာ တော်လှန်ရေးသမားတွေရဲ့ တိုက်ခိုက်မှုက ကိုဂျင်မီတို့ကိစ္စ ဖြစ်ပြီးကတည်းက ဆက် တိုက်လို ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇူလိုင်လ ၂၆ ရက်နေ့ ညကလည်း ဖျာပုံခရိုင် ဒေးဒရဲမြို့အဝင် တံတားစစ်ဆေးရေး ဂိတ်အနီး၌ ဒေသခံ PDF များ က ဗုံး ၂ လုံးဖြင့် ဆက်တိုက်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။
ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Black Dragon Commando တပ်ဖွဲ့ကလည်း ဇူလိုင် ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်တွင်လည်း ဖျာပုံ၊ ကျိုက်လတ် အဝေးပြေးလမ်းမ၊ ချောင်းတွင်းတံတားခြေဆင်းရှိ မြို့ အဝင် စစ် ဆေးရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့သည် ဟု ထုတ်ပြန်ထားသည်။
ထိုဖောက်ခွဲတိုက်ခိုက်ခံရမှုကို စစ်ဆေးပြီးပြန်လာသည့် စစ်ကောင်စီကားမှာ ဖျာပုံမြို့ ဒုတိယ လမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ “ရွှေရတု” ဧည့်ရိပ်သာ အနီးတွင် အင်အားပြင်းထန်သည့် ဆိုင်ကယ်မိုင်းဖြင့် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
ဖျာပုံမြို့တွင်း ဖြစ်ပွားနေသည့် အဆိုပါ တိုက်ခိုက်မှုများကို တော်လှန်ရေး သမားများက ဧရာဝတီ နန်းထိုက် အောင် စစ်ဆင်ရေးအဖြစ် လုပ်ဆောင်နေခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့က စစ်ဗိုလ်တစ်ဦး၊ ဒု-ရဲအုပ်တစ်ဦး၊ ရဲ ၃ ဦး၊ စစ်သား ၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။