စစ်လော်ဘီအကောင့်ရေးသားမှုကြောင့် ကျန်းမာရေးဝန်ထမ်း ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်။

စစ်လော်ဘီများက ဖွင့်ထားသည့် တယ်လီ ဂရမ် ချန်နယ် (Telegram Channel) တစ်ခုတွင် ရေးသားမှု တစ်ခုကြောင့် ရှမ်းပြည်နယ်၏ မြို့တော်တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံမှ အမျိုးသမီး ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံလိုက်ရသည်ဟု နီးစပ်သူများက ပြောသည်။

စစ်လော်ဘီများက ဖွင့်ထားသော BaNyut အမည်ရှိ တယ်လီဂရမ် ချန်နယ်တစ်ခုမှ ဩဂုတ်လ ၆ ရက်နေ့၊ နံနက် ပိုင်းတွင် ၎င်းအားဖမ်းဆီးရန် ရေးသားခဲ့ပြီးနောက် ညနေ ၄ နာရီအချိန်ခန့်တွင် စဝ်စံထွန်းဆေးရုံ ဝန်ထမ်း အိမ် ယာဝန်း၊ အလုပ်သမား လိုင်းခန်းထိ လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“သူတို့က ဆင်းရဲတော့ ထောက်ပို့ မလုပ်နိုင်ဘူး။ အဖမ်းခံရတာက ဆယ်လီတွေအောက်မှာ ဝင်ရေးလို့ပါ။ အမေ ကလည်း အဝလွန်လို့ ဘာမှ မလုပ်နိုင်ဘူး။ မိသားစုလည်း အဆင်မပြေတော့ လင်မယား နှစ်ယောက်လုံးက ဆေးရုံမှာ နေ့စားလပေး ဝင်လုပ်နေကြတာ။ အဖမ်းခံရတော့ ကလေး ၃ ယောက် ကျန်ခဲ့တယ်” ဟု ဆွေမျိုး နီးစပ်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

အဖမ်းခံရသူမှာ အသက် ၃၀ အရွယ် မခိုင်စံပါယ်အေး ဆိုသူဖြစ်သည်ဟု သိရပြီး စဝ်စံထွန်းဆေးရုံတွင် နေ့စား လပေး ဝန်ထမ်း အလုပ်ဝင်နေသည်မှာ ၂ လဝန်းကျင်ခန့်သာ ရှိသေးသည်ဟု သိရသည်။

မခိုင်စံပါယ်အေး အားဖမ်းဆီးခြင်း မပြုမှီက BaNyunt အမည်ရှိ တယ်လီဂရမ် ချန်နယ်တွင် “အတွင်းသတင်း အပြင်ထုတ်ပြီး ကျန်းမာရး ဝန်ထမ်းအချင်းချင်း သစ္စာဖောက် PDF ကိုသတင်းပေးတဲ့ ဖရဲသီးမ” ဟု ရေးသား ကာ ဖမ်းဆီးရန် ရေးသားထားသည်ဟု သိရသည်။

မခိုင်စံပါယ်အေး သည် PDF အဖွဲ့များကို ထောက်ပံ့သူဆိုသည့် စွပ်စွဲချက်မှာ မဖြစ်နိုင်ကြောင်း၊ သို့သော် သူမ၏ လူမှုကွန်ရက် စာမျက်နှာ (Facebook) တွင် ကိုယ်ရေးမှတ်တမ်း ဓါတ်ပုံ (Profile Picture) အား အမျိုးသား ညီ ညွတ်ရေးအစိုးရ (NUG) ၏ အမှတ်တံဆိပ်ဖြင့် တင်ထားခြင်းဖြစ်ပြီး မကြာခဏ တော်လှန်ရေးနှင့် ပတ်သက် သည့် အကြောင်းအရာများ ဝေမျှနေသူ ဖြစ်သည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်နိုင်သည်ဟု နီးစပ်သူ အချို့က ဆိုသည်။

“ပြောချင်တာကတော့ ပြည်သူတွေ အနေနဲ့ ဆယ်လီပိုစ့်တွေအောက်မှာ ဝင်ရေးတာတွေ ဂရုစိုက်ဖို့ပါ။ ကိုယ့် ဘေးမှာ ရှိနေတဲ့ ဒလန်တွေကို သတိထားဖို့ပေါ့နော်။ မတရား ဖမ်းဆီးခံရတာများလာတော့ လူမှုကွန်ယက်မှာ ဝေမျှ တာတွေ မှတ်ချက်ရေးတာတွေ သတိထားစေချင်တယ်” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မခိုင်စံပါယ်အေး ဖမ်းဆီးခံရပြီးနောက် တောင်ကြီးမြို့ရှိ အမှတ် ၂ ရဲစခန်းတွင် ညှိနှိုင်းပြီးနောက် ခံဝန်ဖြင့် ဩ ဂုတ်လ ၇ ရက်နေ့ (ယမန်နေ့) ညနေတွင် ဒဏ်ငွေ ကျပ် ၅သိန်းခွဲခန့်ပါ ပေးဆောင်ခဲ့ရပြီးနောက် ပြန်လွှတ် ပေး လိုက်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် လူမှုကွန်ယက် စာမျက်နှာ (Facebook)အား စစ်ကောင်စီမှ ပိတ်ထားခြင်းကြောင့် ပြည်သူများအနေဖြင့် သတင်းဝေမျှရန် တယ်လီဂရမ် (Telegram) အား အသုံးပြုလာကြသည်။

ထို့ကြောင့် စစ်ကောင်စီဘက်ကလည်း မီဒီယာ တန်ပြန်စစ်ဆင်ရေးအနေဖြင့် တယ်လီဂရမ် ချန်နယ် (Telegram Channel)တွင် Account များ ဖွင့်ကာ သတင်းအမှားများ ဖြန့်ဝေခြင်း၊ CDM ဝန်ထမ်းများ၊ တော်လှန်ရေး ထောက် ပို့ အင်အားစုများအား ဖမ်းဆီးရန် သတင်းပေးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျှက်ရှိသည်။

လက်ရှိ စစ်လော်ဘီ တယ်လီရမ် ချန်နယ် (Telegram Channel)များမှာ BaNyunt, Han Nyein Oo, Ariel Golden Myanmar, MDY image စသည်တို့ အပါအဝင် Account ၁၀ ခုကျော်ခန့်ရှိနိုင်သည်ဟု သုံးစွဲသူများက ပြောသည်။