ပုလော PDF များ မိုင်းထောင်စဉ် မတော်တဆ ပေါက်ကွဲ။ တပ်ခွဲမှူး အပါအဝင် ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်။

မြိတ်ခရိုင် ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာအနီး စစ်ကော်စီ ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ရန် မိုင်း ထောင်နေစဉ် မတော်တဆပေါက်ကွဲခဲ့ရာ PDF အဖွဲ့ဝင် ၂ ဦး မိုင်းစထိမှန်သေဆုံးကာ၊ ၃ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ပုလော-PPDF တာဝန်ရှိသူက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF တပ်ခွဲ (၃) တပ်ခွဲမှူး၊ ကိုဟိန်းဇော်ထွန်း နှင့် တပ်စိတ်မှူး ချစ်ညိုလွင်တို့ သေဆုံးခဲ့ကာ KPDF အဖွဲ့က ရဲဘော် ၃ ဦး ပြင်းထန် ဒဏ်ရာများရရှိခဲ့သည် ဟု သိရ သည်။

ပုလော-PPDF တာဝန်ရှိသူက “ပထမမိုင်း ၂ လုံး မြှုပ်ခဲ့ပြီးနောက် ပေါက်ကွဲမှုအား ပိုစေဖို့ နောက်ထပ် ၂ လုံး ထပ်မြှုပ်တဲ့ အချိန်မှာ ပေါက်ကွဲသွားတာ” ဟု ပြောသည်။

ကရင်ပြည်သူ့ကာကွယ်ရေးဖွဲ့ – KPDF နှင့် ပုလော – PPDF မဟာမိတ်အဖွဲ့တို့ ပူးပေါင်း၍ ပုလောမြို့နယ်၊ ကြဲကျေး ရွာရှိ အုပ်ချုပ်ရေးမှုးအား သွားရောက်ရှင်းလင်းခဲ့ပြီး အပြန်တွင် ဇရပ်ဆိပ်မှ တက်လာမည့် စစ်ကောင်စီ ယာဉ် တန်းအား တိုက်ခိုက်ရန် မိုင်းထောင်နေစဉ် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“အရင်ဦးဆုံးသေသွားတဲ့ ကိုဟိန်းဇော်ထွန်း က သန်လျင် နည်းပညာတက္ကသိုလ်က နောက်ဆုံးနှစ် ကျောင်းသား တစ်ဦးပါ” ဟု ပုလော – PPDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၅ ရက်နေ့၊ ည ၉ နာရီ အချိန်ခန့်တွင် စစ်ကောင်စီယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ရန် မိုင်းထောင်နေစဉ် မတော်တဆပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ပုလော- PPDF တာဝန်ရှိသူ က ပြောသည်။

လက်ရှိတွင် မိုင်းထိစထိမှန် ဒဏ်ရာရခဲ့သည့် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- KPDF တပ်ဖွဲ့ဝင် ၃ဦးမှာ အသက် အန္တရာယ် မစိုးရိမ်ရတော့ဘဲ လွတ်မြောက်နယ်မြေသို့ ရောက်ရှိကာ ဆေးကုသမှု ခံယူနေပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

မိုင်းပေါက်ကွဲမှုကြောင့် ကျဆုံးခဲ့သည့် PPDF တပ်ခွဲ ၃၊ တပ်ခွဲမှူး ကိုဟိန်းဇော်ထွန်းအား ဂုဏ်ရည်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သူ ကျောင်းသား အာဇာနည်တစ်ဦး အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း သန်လျင်နည်းပညာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌက သြဂုတ်လ ၆ ရက်နေ့ ရက်စွဲဖြင့် အမိန့်ပြန်တမ်း ထုတ်ပြန် ထား သည်။