ကော့သောင်းတွင် ဂက်စ်အိုး ပေါက်ကွဲ မှုကြောင့် စက်လှေမီးလောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၉ ရက်။

ကော့သောင်းမြို့ ပါချန်မြစ်ကမ်းရှိ ဝါးတန်း ငါးဖမ်းစက်လှေ တစ်စီး လှေဝမ်းအတွင်း ဖိုင်ဘာရည်လောင်းစဉ် ဂက်စ်အိုး ပေါက်ကွဲ မှုကြောင့် မီးလောင်ရာမှ ကူးစက်ပြီး လူ တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့သည်။

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ပါချန်မြစ်ကမ်းနဘေးရှိ ကျော်လွင်တံတားတွင် ဝါးတန်း ငါးဖမ်းစက်လှေတစ်စီး မီးလောင်ရာမှ အခြားစက်လှေနှစ်စီးကို ကူးစက်သွားခဲ့ခြင်း ဖြစ်သည်။

ထက်ထက်ပိုင် အမည်ရှိ စက်လှေဝမ်းအတွင်း တနင်္လာနေ့က ဖိုင်ဘာ ရည် လောင်းနေစဉ် ဂက်စ်အိုးပေါက်ကွဲပြီး ဖိုင်ဘာရည်လောင်းနေသူ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။

“ဝုန်း ဆို ပေါက်ကွဲသံတစ်ချက် ကြားရပြီး လှေမှာ မီးလောင်နေတယ်ဆိုလို့ ပြေးကြည့်တာ။ လှေသားတွေ ဘာမှ မဖြစ်ဘူး။ ဖိုင်ဘာရည် လောင်းသမားတွေ ချည်းပဲထိသွားတာ။ ရေကျ လှေတင်နေချိန်ဆိုတော့ ဘေးက လှေ တွေ ကံဆိုးပြီး အဆစ်ပါသွားတာပေါ့” ဟု အသက် ၄၀ ခန့်အရွယ် အေးရိပ်ငြိမ် ရပ်ကွက်သား တစ်ဦးက ပြောသည်။

ထိုမှတဆင့် ထက်ထက်ပိုင်လှေနှင့် အတူတွဲဆိုက်ကပ်ထားသည့် နဘေးမှ လှေနှစ်စီးကိုပါ ကူးစက်လောင် ကျွမ်းခဲ့ ခြင်းဖြစ်ပြီး ရေကျနေချိန် လှေတင်နေချိန်ဖြစ်၍ သုံးစီးလုံး မီးလောင်ကျွမ်းသွားခြင်း ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ငါးဖမ်းစက်လှေ ပေါက်ကွဲ မီးလောင်မှုကြောင့် ဒဏ်ရာရသူနှစ်ဦးသည်လည်း မီးလောင် ဒဏ်ရာ ပြင်း ထန်သည့်အတွက် ကော့သောင်း ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ထားရသည် ဟု သိရသည်။