ထားဝယ်တွင် စစ်ကောင်စီက PDF များအား လက်နက်ကြီးများ ရမ်းသန်းပစ်၍ တောနင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက PDF စခန်းများ ရှိနိုင်မည်ဟု ယူဆသည့်နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး တောနင်းရှာဖွေများလည်း ရှိနေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြသည်။
တလိုင်းယာကျေးရွာအုပ်စုအတွင်းရှိ ကလုံးထာကျေးရွာအနီးက စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တောနင်းရှာဖွေနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံ တစ်ဦးက “၁၄ ရက်နေ့က မွန်းလွဲ ၁ နာရီခန့်မှာ ရွာထဲဘက်ကို လက်နက်ကြီး တဂျိမ်းဂျိမ်းနဲ့ ဆက်တိုက် ပစ်နေတာအချက် နှစ်ဆယ်မကဘူး။ ရွာသားတွေ ကြောက်လန့်ပြီး ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတာပေါ့။ လူထိခိုက်မှုတော့ မရှိပါဘူး” ဟု ပြောသည်။
သြဂုတ်လ ၁၄ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ဝန်းကျင်ခန့်သည် မြေသယ်ကား၂ စီးဖြင့် နယ်မြေရှင်းလင်းရန် ကလုံးထာကျေးရွာထဲသို့ ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကြောင်းနှစ်ခုခွဲကာ ၎င်းရွာအနီးအနားရှိ ဥယျာဉ်ခြံများအတွင်း တောနင်းရှာဖွေမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံတစ်ဦး က ပြောသည်။
အသက်ကြီးပိုင်းနှင့် ကလေးသူငယ်များ၊ ကျန်းမာရေးချို့တဲ့နေသူများက ကလုံးထာကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် ပုန်းအောင်းခိုလှုံနေကြရပြီး ရွာသားအများစုက ဘေးလွတ်ရာ တောတောင်များအတွင်း ရှောင်တိမ်း နေကြရသည်ဟု သိရသည်။
စစ်တပ်က စစ်ကြောင်းထိုးလာမည်ဟု ကြိုတင် သတင်းသိရှိထားရသော်လည်း မိုးအဆက်မပြတ်ရွာသွန်းနေချိန် နှင့် တိုက်ဆိုင်နေသည့်အတွက် တောတောင်ထဲတွင် နေစရာနှင့် စားစရာရိက္ခာအတွက် ခက်ခဲနေကြသည်ဟု ရွာသားများကပြောသည်။
ဩဂုတ်လ ၁၄ ရက်နေ့မှ စတင်၍ ယနေ့အချိန်ထိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကလုံးထာ၊ နတ်သမီးရေတံ ခွန်၊ ရှမ်းလမ်းကျေးရွာတို့ အနီးတဝိုက်တွင် ရှိနေဆဲဖြစ်ပြီး ဥယျာဉ်ခြံများ အတွင်းမှ ပြန်ထွက်လာခြင်း မရှိသေးပဲ တောနင်းရှာဖွေများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
ကလုံးထာကျေးရွာသည် အိမ်ခြေ ၃၅၀ ဝန်းကျင်ခန့်ရှိပြီး ဥယျာဉ်ခြံမြေကို အဓိကထား လုပ်ကိုင်ကြကာ ထား ဝယ် အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ဆက်သွယ်ထားသည့် ထီးခီးလမ်းမကြီးအနီးတွင် တည်ရှိသည်။