မိုးသည်းထန်မှုကြောင့် ချောင်းဆုံတွင် တောင်ပြိုမှုများ ဆက်တိုက်ဖြစ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း တောင်ပြိုမှုများ ဆက်တိုက်ဖြစ်ပွား နေ ပြီး လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
သုံးရက်ကြာ အဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေသည့် မိုးကြောင့် သြဂုတ်လ ၁၇ ရက် နေ့ နံနက်ပိုင်းတွင် ချောင်းဆုံမြို့နယ် ကလော့ကျေးရွာနှင့် ကဒါကျေးရွာတို့တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။
တောင်ပြိုမှုကြောင့် ကလော့ကျေးရွာက အုပ်ချုပ်ရေးမှူးရုံးနှင့် နေအိမ် ၄ လုံး ထိခိုက်ပျက်စီးသွားပြီး လူသူ ထိခိုက်မှု မရှိဘူးဟု ဒေသခံများက ပြောသည်။
ကလော့ကျေးရွာက ဒေသခံတစ်ဦးက ”အိမ်တွေက တောင်အောက်မှာ ရှိနေတော့ အိမ်ပေါ်ကို ပြိုကျသွားတာ ပေါ့။ လူတော့ ထိခိုက်တာမရှိဘူး” ဟု ပြောသည်။
ချောင်းဆုံမြို့နယ် ကဒါကျေးရွာတွင်လည်း ယနေ့နံနက်ပိုင်းက တောင်ပြိုမှု ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၂ လုံး ထိခိုက် ပျက်စီးသွားခဲ့သည်။
တောင်ပြိုမှု ထပ်ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် နေအိမ် ထိခိုက်သွားသူများနှင့် အနီးဝန်းကျင်က နေအိမ် ၁၀ လုံးခန့်က ပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရသည်ဟုလည်း သိရသည်။
”တောင်ပြိုမှုကြောင့် လူထိခိုက်တာတွေတော့ မရှိဘူး။ တောင်ပြိုတာ ထပ်ဖြစ်လာမှာစိုးလို့ အနီးအနားက အိမ် တွေကိုလည်း ပြောင်းရွှေ့ထားရတယ်” ဟု လူမှုကယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
သြဂုတ်လ ၁၆ ရက်နေ့ကလည်း အပြိုင်ကျေးရွာတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့ သည်။
သြဂုတ်လ ၆ ရက်နေ့ကလည်း ညောင်လမ်းကျေးရွာတွင် မြေပြိုပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။
ချောင်းဆုံအပါအဝင် တပြည်နယ်လုံးတွင် မိုးအဆက်မပြတ် ဆက်လက် ရွာသွန်းနေခြင်းကြောင့် တောင်ပြိုမှုများ ထပ်မံဖြစ်နိုင်သည့်အတွက် သတိထားနေထိုင်ကြရန်လိုအပ်သည်ဟု အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် လူမှုကူညီ ရေးအသင်းအဖွဲ့ တာဝန်ရှိသူများက သတိပေးထားသည်။
မွန်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်က ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် တောင်ပြိုမှုဖြစ်ပွားခဲ့ပြီး လူရာနှင့်ချီ သေဆုံးခဲ့သည်။