ကွတ်ခိုင်တွင် မူးယစ်ဆေးဝါးကို လူမြင်သူမြင် ရောင်းဝယ် သုံးစွဲ လာနေကြ
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။
ရှမ်ပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူမြင်ကွင်းတွင် မူးယစ် ဆေးဝါး ရောင်းဝယ် သုံးစွဲမှုများ ရှိလာနေသည်ဟု မြို့ခံများက ပြောသည်။
မူးယစ်ဆေးဝါး လူမြင်ကွင်းတွင် ရောင်းချနေကြသည့်အပြင် သုံးစွဲသူများကလည်း လူမြင်ကွင်းတွင် ပေါ်တင်စွဲမှုများ အများအပြား ရှိနေသည်ဟု သိရသည်။
ကွတ်ခိုင်ဒေသခံတစ်ဦးက “ကွတ်ခိုင်မြို့ စျေးထဲမှာ ဒီအတိုင်း ပေါ်တင် ရောင်းနေကြတယ်။ အဲ့ဒီနေရာမှာပဲ ဆေးသောက်တဲ့ သူကသောက်။ ထိုးတဲ့သူကထိုး ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်တော့ဘူး” ဟု ပြောသည်။
ထိုကဲ့သို့ မူးယစ်ဆေး လူမြင်ကွင်းနေရာများတွင် ရောင်းချနေခြင်းကို ဒေသအတွင်းရှိ အာဏာပိုင်များ၊ ရဲစခန်း တာဝန်ရှိသူများက တာဝန်ယူဖမ်းဆီးပေးခြင်းလည်း မရှိ ဟု ဒေသခံများက ပြောသည်။
ကွတ်ခိုင်ဒေသအတွင်းရှိ အရပ်ဘက် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး အဖွဲ့အစည်းများက မူးယစ်ဆေးဝါးသုံးစွဲ သူများကို ဖမ်းဆီးအရေးယူမှု၊ မူးယစ်ဆေးဖျက်ပေးခြင်းများကို လုပ်ဆောင်နေကြသော်လည်း အာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းကြောင့် ထိရောက်စွာ နှိမ်နှင်း တားဆီးနိုင်ခြင်း မရှိဘူးဟု မြို့ခံများက ဆိုသည်။
ကွတ်ခိုင်မြို့က လူငယ်တစ်ဦးက “ကွတ်ခိုင်မြို့ထဲမှာ မူးယစ်ဆေးဝါးသုံးစွဲမူ ရောင်းချမူများက အရင်ကတည်းက ရှိတယ်။ ဒါပေမယ့် အခုလို ပေါ်တင်ရောင်းချ သုံးစွဲတာမျိုး တခါမှ မဖြစ်ဖူးဘူး မမြင်ဖူးဘူး” ဟု ပြောသည်။
ကွတ်ခိုင်မြို့ရှိ စျေးထဲတွင် ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား (ရာမ) နှင့် ဘိန်းမည်းများကို အဓိက ရောင်းချ နေ ကြခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း လျစ်လျူရှုထားသည်ဟု အဆိုပါ လူငယ်က ဆက်ပြောသည်။
ဒေသအတွင်း ကိုယ်ထူကိုယ်ထ မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်နေသည့် လူငယ်တစ်ဦးက “ကွတ်ခိုင် စျေးထဲမှာ ဘိန်းဖြူ၊ ရာမ အမျိုးမျိုးနဲ့ ဘိန်းမည်းတွေကို အဓိက ရောင်းချနေကြတာ။ မူးယစ်ဆေး ဝါး စျေးကလည်း ပေါပေါနဲ့ လူသွားလာများတဲ့ စျေးတွေ လမ်းဘေးတွေမှာ ပေါ်တင် ရောင်းချပေးနေတာကို ရဲ တပ်ဖွဲ့ ဘက်က လျစ်လျူရှုထားကြတယ်။ အခုလိုတွေ လုပ်နေတာဟာ စစ်ကောင်စီတပ်က ကျနော်တို့ တိုင်းရင်း သားတွေကို တိုက်ဖျက် ပပျောက်ရေးကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတယ်လို့တောင် ထင်ရတယ်” ဟု သည်။
ကွတ်ခိုင်မြို့ထဲတွင် ယခုကဲ့သို့ မူးယစ်ဆေးများကို ပေါ်တင်ရောင်းချခြင်း၊ လူမြင်ကွင်းတွင် ပေါ်တင်သုံးစွဲနေခြင်း တို့ကြောင့် ပြည်သူများအနေဖြင့် လုံခြုံမှုမရှိပဲ ကြောက်ရွံ့ထိတ်လန့်နေရသည်ဟု ဒေသခံများက ပြောသည်။
ကွတ်ခိုင်မြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ခုနှစ်မှ စတင်၍က COVID-19 ကပ်ရောဂါကြောင့် လူစုလူဝေး များ ပြုလုပ်ခြင်းကို ပိတ်ပင်ထားရာမှ အရပ်ဘက် မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ အနေဖြင့် မူယစ်ဆေးဝါး တား ဆီးနှိမ်နှင်းရေး လုပ်ငန်းများကို ရပ်နားထားရသည့်အတွက် ဒေသတွင်း မူးယစ်ဆေးဝါးရောင်း ချသူများနှင့် သုံးစွဲ သူများ ပိုမိုများပြားလာနေခြင်း ဖြစ်သည်ဟု ဆိုကြသည်။