ရွာလုံးကျွတ် မီးရှို့ခံရသည့် ရွာသားများ အရေးပေါ် အကူအညီလိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။
မကွေးတိုင်းအတွင်း ရွာလုံးကျွတ် မီးရှို့ခံရသည့် ရွာမှ ရွာသား ၃၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ အရေးပေါ် လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။
အိမ်ခြေ အလုံးရေ ၅၀၀ ဝန်းကျင်ခန့်ရှိသည့် ရေစကြိုမြို့နယ် ရေလယ်ကျွန်း ဒေသက ငတရော်ကျေးရွာ ကို စစ်ကောင်စီတပ်က အင်အားအများအပြားနှင့် ရောက်ရှိလာပြီးနောက် သြဂုတ်လ ၁၇ ရက်နေ့ ကနေ သြဂုတ်လ ၁၈ ရက်နေ့အထိ မီးရှို့ခဲ့ခြင်းကြောင့် ကျေးရွာ လုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားခဲ့သည် ဟု ဒေသခံများက ပြောသည်။
“နေအိမ်တွေကို ပြာမကျမချင်း ရှို့သွားတာ။ အိမ်တွေက ကပ်တော့ အိမ်တွေကူးပြီးလောင်တာ၊ မလောင်တဲ့ အိမ်တွေကိုလည်း ထပ်ရှို့တယ်။ စားနပ်ရိက္ခာအတွက် ဆန်စပါးတွေ၊ ကောက်ပဲသီးနှံတွေ လှောင်ထားတာတွေပါ မီးထဲပါသွားတယ်။ ရွာလယ်ခေါင်က ဆေးခန်းကိုလည်း မီးရှို့သွားပါတယ်” ဟု ငတရော်ကျေးရွာသား တစ်ဦးက ပြောသည်။
သြဂုတ်လ ၁၈ ရက်နေ့၊ ည ၁ နာရီ အချိန်မှ စစ်သားများ ကျေးရွာထဲက ပြန်ထွက်သွားခြင်း ဖြစ်သည်ဟု သိရ သည်။ ထိုသို့ စစ်သားများ ကျေးရွာအတွင်းမှ ထွက်သွားပြီးနောက် ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရွာသား များက ကျေးရွာအတွင်း ဝင်ရောက်မီးငြိမ်းသတ်ခဲ့ကြရခြင်း ဖြစ်သည်ဟု ရွာသားများက ဆိုသည်။
မီးလောင်မှု ဖြစ်စဉ်အတွင်း အိမ်မွေးတိရိစ္ဆာန်များ၊ နွာများ မီးလောင်သေဆုံးနေသည်ကိုလည်း တွေ့ခဲ့ရသည်ဟု သိရသည်။
လက်ရှိအချိန် ကျေးရွာအတွင်းသို့ ပြန်နေရန်လည်း လုံခြုံရေးအရသော်လည်းကောင်း၊ နေအိမ်များ ရွာလုံးကျွတ် နီးပါး မီးလောင်သွားခြင်းတို့ကြောင့်သော်လည်းကောင်း ကျေးရွာထဲ ပြန်နေရန် အဆင်မပြေသေးသည့်အတွက် ဘေးလွတ်သည့် နေရာတွင် နေနေကြသည့်အတွက် လိုအပ်များစွာ ရှိနေသည်ဟု ငတရော်ကျေးရွာသား စစ် ရှောင်များက ပြောသည်။
“မိုးကလည်း တဖွဲဖွဲရွာတယ်။ ကိုယ်ဝန်သည်တွေလည်း ပါတယ်။ လဲလှယ်ဝတ်ဖို့ အဝတ်အပိုလည်း မသယ်နိုင် ဘူး။ ခါးဝတ်ခါးစားပဲပါတယ်။ အခုချိန်မှာ အနီးနားက ရွာတွေမှာ ရှောင်နေရပါတယ်။ ရွာတွေက ကျွေးတာတွေ စားနေရတယ်။ အဓိကတော့ စားဖို့နဲ့ ဆေးတွေလိုအပ်ပါတယ်” ဟု ငတရော်ကျေးရွာက ဘေးလွတ်ရာကို ရောက် ရှိနေသည့် စစ်ရှောင်ရွာသားတစ်ဦးက ပြောသည်။
ငတရော်ကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီ တပ်သားများသည် ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မင်း ကျေးရွာ ဘက်ကို တပ်ဆုတ်သွားပြီး လက်ရှိတွင် မင်းကျေးရွာတွင် တပ်စွဲထားသည်ဟု သိရသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ငတရော်ကျေးရွာရှိ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်အချို့ကို ဝင်ရောက် မွှေနှောက်ကာ အများပြည်သူပိုင် ပစ္စည်းများကို ယူသွားသည့်အပြင် ဆိုင်ကယ် ၁၀ စီးခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသေးသည်ဟု ရွာသားများက ဆိုသည်။