တောင်ကြီးတက္ကသိုလ် ပုံမှန် အတန်းများ တလကျော်သာ နားမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။
တောင်ကြီးတက္ကသိုလ်တွင် နေ့ပိုင်း (Day)အတန်းများကို တစ်လကျော်ခန့်သာနားပြီး နိုဝင် ဘာလတွင် ပြန်ဖွင့်ရန် စစ်ကောင်စီက ညွန်ကြားထားသည်ဟု တောင်ကြီး တက္ကသိုလ် ဆရာ/မ များနှင့် ကျောင်းသူ/သားများက ပြောသည်။
စစ်ကောင်စီက နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းနေကြောင်း ဝါဒဖြန့်လို၍ တက္ကသိုလ် နေ့(Day) အတန်းများ အား တစ်လကျော်ခန့်သာ ပိတ်ရန် ပြောဆိုထားခြင်းဖြစ်သည်ဟု သိရသည်။
တောင်ကြီးတက္ကသိုလ်ရှိ အသက် ၂၆ နှစ်အရွယ် Non CDM ဆရာမတစ်ဦးက “အခုဖြေပြီးတဲ့ အတန်းတွေတောင် ကျောင်းသားက တစ်ဝက်မရှိဘူး။ ၁၁ လပိုင်းပြန်ဖွင့် ရမယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ မသိဘူး။ ကျောင်းသား မရှိရင်လည်း သူတို့က ဖိအားပေးဦးမယ်။ ကျောင်းသားကလည်း တဖြည်းဖြည်းနည်းလာတယ်။ ခံယူချက် ကြောင့် အစကတည်းက မတက်တဲ့သူတွေ ရှိတယ်။ တချို့ကျတော့ တက်နေရင်း နဲ့ ကုန်ဈေးနှုန်းမြင့်လာလို့ မိဘတွေက မထားနိုင်တော့တာ” ဟု ပြောသည်။
တောင်ကြီးတက္ကသိုလ် Day အတန်းများမှာ ဩဂုတ်လ ၂၃ ရက်နေ့မှ စာမေးပွဲများ ဖြေဆိုပြီးကြသော်လည်း ၁ လ ကျော်ခန့်သာခြားပြီး နိုဝင်ဘာလတွင် မဖြစ်မနေ ကျောင်းများ ပြန်ဖွင့်လှစ်နိုင်ရန် အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားထားသည်ဟု တောင်ကြီးတက္ကသိုလ်က Non CDM ဆရာ/မ များက ပြောသည်။
တောင်ကြီးတက္ကသိုလ် Day အတန်းများကို နိုဝင်ဘာလတွင် ပြန်လည်ဖွင့်လှစ်မည့် ညွန်ကြားထားသော်လည်း ကျောင်းဖွင့်ရက်ကို အတိအကျ မသိရသေးဘူးဟု ဆိုသည်။
ယခုဖွင့်လှစ်ပြီးသွားသည့် နေ့ (Day) အတန်းများသည်လည်း CDM ပြုလုပ်မှုကြောင့် ဆရာ/မ ဦးရေ မလုံလောက် ၍ လတ်တလော CDM နေရာများတွင် အစားထိုးခန့်ထားသော အသက် ၂၅ နှစ်ဝန်းကျင် နည်းပြ/သရုပ်ပြ ဆရာ/မ များကိုပါ စာသင်ခိုင်းနေရသည်ဟု Non CDM ဆရာမတစ်ဦးက ပြောသည်။
အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်အများစုမှာ ယခင် ၂၀၂၀ ခုနှစ် ရှေ့ပိုင်းများတွင် Day အတန်းများကို မေလ အလယ်ပိုင်းမှ ဩဂုတ်လအထိ ပထမနှစ်ဝက်အဖြစ် ဖွင့်လှစ်ပြီးနောက် ကြားတွင် ၄ လ နီးပါး ကျောင်းပိတ်ထားခဲ့ပြီး ဒီဇင်ဘာ နောက်ဆုံးပတ်မှ ဒုတိယနှစ်ဝက် ပြန်ဖွင့်ခြင်းဖြစ်သည်ဟု သိရသည်။
ယခုတွင်မူ တစ်လကျော်ခန့်သာ ပိတ်ရမည်ဖြစ်သောကြောင့် Non-CDM ကျောင်းသား/သူများမှာလည်း နေစရာ အဆောင် အခက်တွေ့နိုင်သည်ဟု အဆောင်ပိုင်ရှင် အချို့က ပြောသည်။
“၁၁ လပိုင်း ပြန်ဖွင့်ရမယ်ဆိုတော့ အဲဒီအချိန်က အဝေးသင်တွေ မပြီးသေးဘူး။ အဲ့လိုဆိုတော့ Day ကျောင်း သားတွေက ပြန်လာရင် အဆောင်တွေ နေရာမရှိဘူး။ ကျောင်းအဆောင်တွေကလည်း သူတို့လုံခြုံရေးကြောင့် မထားတာကြာပြီ” ဟု အသက် ၅၀ အရွယ် အဆောင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီအစိုးရသည် ဩဂုတ်လ ၂၃ ရက်နေ့မှ စာမေးပွဲဖြေဆိုပြီးသော Day အတန်းများကို အဝးသင် ပထမ အသုတ်၊ ဒုတိယအသုတ်များကို ပေါင်း၍ တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့ ဖွင့်လှစ်ပြီးနောက် စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများဖြစ်သော မြန်မာ့အသံ (MRTV) နှင့် မြဝတီ (MWD) တို့၌ တောင်ကြီးတက္ကသိုလ်တွင် ကျောင်းသား ၂၀၀၀ ကျော်တက်ရောက်နေပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်း နေပြီဟု ဝါဒဖြန့်ခဲ့သေးသည်ဟု သိရသည်။
ထို့အပြင် COVID-19 ကပ်ရောဂါဘေးကြောင့် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ရပ်နားခဲ့ရသော Day အတန်း များကိုလည်း ပထမနှစ်ဝက်တွင် ဖြေဆိုရန် ကျန်ရှိနေသေးသော ဘာသာရပ် ၂ ခုကို ဖြေဆိုရန်မလိုပဲ အတန်းတင် ပေးခဲ့သေးသည်ဟု သိရသည်။
တောင်ကြီးတက္ကသိုလ်တွင် တက်ရောက်နေသော ကျောင်းသား ၂,၀၀၀ ကျော်ထဲတွင် Day နှင့် အဝေးသင် အတန်းတို့ကို ပေါင်း၍ ဖွင့်ခဲ့သည်သာမက COVID-19 ကပ်ရောဂါဘေးကြောင့် ပိတ်ထားရသော အတန်းများ ဖြစ်သည့် ဒုတိယ နှစ်ဝက် အတန်းများနှင့် ယခုမှ စတက်ရသော ပထမနှစ်ဝက် အတန်းများကိုလည်း ပေါင်းဖွင့် ထားသည်ဟု Non CDM ကျောင်းသားများက ပြောသည်။
အလားတူ လာမည့် စာသင်နှစ်တွင်လည်း အဝေးသင် နောက်ဆုံးအသုတ်များ စာမေးပွဲမဖြေခင် နေ့ (Day) အတန်းများ ဖွင့်လှစ်မည် ဖြစ်သောကြောင့် ကျောင်းသားများ တစ်ပြိုင်နက်တည်း စုဝေးလာနိုင်ပြီး စစ်ကောင်စီ အစိုးရက နိုင်ငံတော် တည်ငြိမ်အေးချမ်းနေကြောင်း ရည်ရွယ်ချက်ရှိရှိ ထပ်မံ ဝါဒဖြန့်လို၍ ယခုကတည်းက ကြိုတင် ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်ဟု တောင်ကြီးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် CDM ကျောင်းသားများက သုံးသပ်ပြောဆိုနေကြသည်။