ရေး-ထားဝယ်ကားလမ်း စစ်ဆေးရေးဂိတ်ကို ရေးဘီလူး အဖွဲ့ဝင်တိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ တံတားကြီး စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၅ ဦးခန့် သေဆုံးသွားသည်ဟု သိရသည်။

ရေးမြို့နယ် တံတားကြီး စစ်ဆေးရေးဂိတ်ကို သြဂုတ်လ ၂၅ ရက်နေ့ (ယနေ့)၊ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခုတိုက်ခိုက်မှုအတွင်း တံတားဂိတ်ရှိ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိနိုင်သည်ဟု ရေးဘီလူးအဖွဲ့က ပြောဆိုထားသော်လည်း သီးခြား အတည်ပြုနိုင် ခြင်းမရှိသေးပေ။

”ဒီနေ့ တံတားကြီးဂိတ် ထပ်မံတိုက်ခိုက်ခံရတယ်။ အသေအပျောက်ကတော့ သေချာမသိသေးဘူး။ အဲဂိတ်က မကြာခန တိုက်ခိုက်ခံနေရတယ်။ အဲ့လိုဖြစ်ပြီး ဒီနောက်ပိုင်းမှာ လုံခြုံရေး ပိုပြီး တင်းကြပ်ထားတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

တံတားကြီးဂိတ်ကို တော်လှန်ရေးအဖွဲ့များက မကြာခန တိုက်ခိုက်လေ့ရှိပြီး ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဘက်က လုံခြုံရေး တင်းကြပ်ထားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့ကလည်း ရေးမြို့နယ် တံတားကြီးဂိတ်ကို မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့ အစည်း MSRO က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးသွားသည်ဟု ထုတ်ပြန် ထားသည်။

ရေး-ထားဝယ် ကားလမ်းပေါ် ရှိ မြစ်ကူးတံတားများအပြင် ရေးမြို့နှင့် ကျေးရွာများအကြား ဆက်သွယ်ထားသည့် မြစ်ကူးတံတားဂိတ်မျးကို ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့များက မကြာခန သွားရောက် တိုက် ခိုက်လေ့ ရှိသည်။

ရေးဘီလူးအဖွဲ့သည် ယခုလအတွင်းတွင်လည်း ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရပ်သား ဝန်ထမ်းများ၊ စစ်ကောင်စီ သတင်းပေး ဟု သတ်မှတ်ခံရသူများကို ပစ်ခတ်ရှင်းလင်းမှု ဆက်တိုက်ပြုလုပ်လာ နေ သည်။

ထို့အပြင် ရေးဘီလူးအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့များ၊ စစ်ကောင်စီ၏ ထောက်တိုင်များကို ရှင်းလင်းသည့် လုပ်ရပ် များကိုလည်း အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။