ပျူစောထီးနှစ်ဦး နေအိမ်များတွင် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံလိုက်ရသည် ဟု ဒေသခံများက ပြောသည်။

ရေဖြူမြို့နယ်၊ ရငဲကျေးရွာက ပျူစောထီးအဖွဲ့ဝင် ဦးသိန်းဇော်နှင့် ရလိုင်ကျေးရွာက ပျူစောထီးအဖွဲ့ဝင် ဦးဝင်း တင်တို့ နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

“အိပ်ပျော်နေတာ ဒိုင်းဆိုပြီး သေနတ်သံ ၃ ချက်ကြား လိုက်ရတယ်။ ခွေးဟောင်သံတွေလဲ ဆူညံနေတာ” ဟု အသက် ၄၀ ခန့်အရွယ် ရလိုင်ရွာသား တစ်ဦးက ပြောသည်။

သြဂုတ်လ ၂၄ ရက်နေ့၊ နံနက် ၁၀ နာရီခန့်က ဦးသိန်းဇော်သည် ၎င်း၏ နေအိမ်တွင် ရှိနေစဉ်ည ရငဲကျေးရွာရှိ လူ သုံးဦး ဆိုင်ကယ် ၂ စီး ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားခြင်းသည်ဟု သိရသည်။

အလားတူ ယင်းနေ့ ည ၁၀ နာရီခွဲ အချိန်ခန့်တွင် ရလိုင်ကျေးရွာရှိ နေအိမ်အတွင်း အိပ်ပျော်နေသူ ပျူစောထီးအဖွဲ့ ဝင် ဦးဝင်းတင်အား လူငါးဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ရာ နေရာတွင် သေဆုံးသွားသည်ဟု သေဆုံးနှင့် ဆွေမျိုး တော်စပ်သူ တစ်ဦးက ပြောသည်။

ထိုသေဆုံးသွားသူ နှစ်ဦးသည် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များ ဖြစ်ကြပြီး ၎င်းတို့အား ပျူ စောထီးအဖွဲ့မှ နှုတ်ထွက်ကြရန်နှင့် စစ်ကောင်စီနှင့် ပတ်သက်ခြင်းမပြုရန် ဒေသခံ PDFအဖွဲ့များက အကြိမ်ကြိမ် သတိပေးခံထားရသူများ ဖြစ်သည်ဟု ရွာသားများက ပြောသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို စစ်ကောင်စီတပ်ဖွဲ့က လာရောက် စစ်ဆေး ကြည့်ရှုခြင်းမျိုး မရှိခဲ့ဘူးဟု သိရသည်။

သေဆုံးသွားသူများကို သက်ဆိုင်ရာနေအိမ် အသီးသီးမှာပင် မိသားစုဝင်များက နာရေးပြုလုပ်ပေးခဲ့ကြသည်ဟု သိရသည်။