သတင်းပေး၏ ဖုန်းတွင်ပါရှိသော အဆက်အသွယ်များကို ဆက်လက် အရေးယူမည်ဟု နဂါးနက်အဖွဲ့ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။
ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် ပစ်သတ်ခံခဲ့ရသည့် စစ်ကောင်စီတပ် သတင်းပေး ထွေ/အုပ်စာရေးမ မနှင်းဝေခိုင်နှင့် ပတ်သက်ဆက်စပ်သူများကို (ဖျာပုံ နဂါးနက် တပ်ဖွဲ့) Black Dragon Force Pyapon အဖွဲ့က အရေးယူမည် ဟု သိရသည်။
“သိမ်းလာတဲ့ သူရဲ့ဖုန်းကို စစ်ဆေးကြည့်တော့ ဖျာပုံမြို့ပေါ်က ကိုယ့်လူ သူ့ဘက်သားတွေကိုလည်း သိခဲ့ရတယ်။ သေသေချာချာ စိစစ်ပြီး အရေးယူသွားမှာပါ” ဟု Black Dragon Force Pyapon အဖွဲ့၏ တာဝန်ရှိသူ ဗိုလ်နိုင်းဒီ က ပြောသည်။
မနှင်းဝေခိုင်၏ လက်ကိုင်ဖုန်းအတွင်း၌ ၎င်းကိုယ်တိုင် ရိုက်ထားသည့် ဓာတ်ပုံ တစ်သောင်း ခုနှစ်ထောင်ခန့် ရှိ သည့်အနက် အများစုမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် တွဲရိုက်ထားသည့်ပုံများ ဖြစ်သည်ဟု ဗိုလ်နိုင်းဒီ က ဆက် ပြောသည်။
လက်ရှိ အခြေအနေတွင် ထွေ/အုပ်စာရေး မနှင်းဝေခိုင် နှင့် အတူ သွားလာလေ့ရှိသူ အချို့မှာ စိုးရိမ်မှုရှိ နေပြီး စစ်ကောင်စီတပ်များနှင့် ရဲများက ကင်းလှည့်ရာတွင် ကျည်ကာများကို ယခင်က ဝတ်ဆင်ခြင်း မရှိသော်လည်း ယခုတွင် ဝတ်ဆင်၍ ကင်းလှည့် နေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“မြို့ကကျဥ်းတယ် တစ်မြို့ထဲမှာနေကြတာလေ။ အတူသွားလာတာတော့ ရှိတယ်။ ဒါပေမယ့် ကျမတို့က သူများ ကို ဒုက္ခမပေးဘူး။ ဒလန်မဟုတ်ဘူး” ဟု ဖျာပုံမြို့ခံ အမျိုးသမီးတစ်ဦး က ပြောသည်။
သြဂုတ်လ ၂၃ ရက်နေ့က စစ်ကောင်စီ သတင်းပေးဟု နာမည်ကြီးသည့် အမှတ် ၁၅ ရပ်ကွက်က ထွေ/အုပ်စာရေး မ မနှင်းဝေခိုင် နှင့် သူမ၏ အဖော် မနိုးနိုးဝေတို့ နှစ်ဦးကို Black Drag on Force Pyapon အဖွဲ့က ပစ်ခတ်ရှင်းလင်း ခဲ့ခြင်း ဖြစ်သည်။
မနိုးနိုးဝေ မှာ ပစ်မှတ်တွင် မပါ၀င်သော်လည်း မြေပြင်တော်လှန်ရေး ရဲဘော်များ၏ လုံခြုံရေး အတွက် ၎င်းကိုပါ မနှင်းဝေခိုင်နှင့်အတူ ရှင်းလင်းခဲ့ရခြင်း ဖြစ်သည်ဟု Black Drag on Force Pyapon အဖွဲ့ထံမှ သိရသည်။
မနှင်းဝေခိုင်နှင့် မနိုးနိုးဝေတို့ နှစ်ဦး၏ နာရေးကို စစ်ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးပေးကာ သြဂုတ်လ ၂၅ ရက်နေ့၊ မွန်းလွှဲပိုင်းတွင် ဖျာပုံမြို့ သုဿန်တွင် သင်္ဂြိုဟ်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။