ပုသိမ်တွင် ရာဇဝတ်မှုများ တိုးများလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက် အနုကြမ်းစီးခံရ မှုများ ဆက်တိုက်ဖြစ်ပွားနေသည် ဟု ဒေသခံများက ပြောသည်။
သြဂုတ်လ ဒုတိယပတ် အတွင်းက ပုသိမ်မြို့လယ် ရပ်ကွက်များဖြစ်သည့် အမှတ် ၄ ရပ်ကွက်ရှိ ဝတ်ရည် ဆေး ခန်း နှင့် အမှတ် ၆ ရပ်ကွက်က ဆရာဝန်တစ်ဦး၏ နေအိမ်၊ ဆေးခန်း အပါအဝင် အမှတ် ၁ ရပ်ကွက် နှင့် အမှတ် ၇ ရပ်ကွက်က နေအိမ် စတိုးဆိုင်တို့ကို နေ့လည်ခင်း အချိန်တွင် အေးဓါးပြ တိုက်ခံခဲ့ရသည်ဟု သိရသည်။
“ဆိုင်ကယ်ခိုးမှုနဲ့ နေအိမ် ဖောက်ထွင်း ခိုးခံရမှုတွေကတော့ မြို့ပေါ် ရပ်ကွက် တစ်ခုခုမှာ နေ့တိုင်းဆိုသလို ဖြစ် နေတာ” ဟု ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦး က ပြောသည်။
လူအသွားအလာ နည်းသည့် စစ်တပ်ဘက်သွားရာ တဲကြီးကုန်းလမ်း၊ တက္ကသိုလ်အရှေ့ရှိ သီတာလမ်း၊ အမှတ် ၁၃ ရပ်ကွက် မဇ္ဇူလမ်း၊ ကင်မလင်းကျွန်း စက်မှုဇုန်လမ်း၊ ပုသိမ် ဟိုတယ်ရှေ့ ကန်သုံးဆင့် လမ်းမကြီးနှင့် ကန် သာယာပတ်လမ်း တို့တွင် လုယက်မှုများ မကြာခဏ ဖြစ်ပွါးလျှက်ရှိသည် ဟု သိရသည်။
သြဂုတ်လ ၂၅ ရက်နေ့၊ မွန်းလွဲ ၃ နာရီဝန်းကျင် အချိန်ခန့်က ကန်သုံးဆင့် ကန်ပတ်လမ်းအနီး ဆိုင်ကယ်သူခိုး ၂ ဦး ကို ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီးကြရာ တစ်ဦးကို ဖမ်းမိပြီး တစ်ဦးမှာ ရေကန်ထဲသို့ ခုန်ချပြေးရာမှ ရေနစ်သေ ဆုံးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
သြဂုတ်လ ဒုတိယပတ်အတွင်းကလည်း ကင်မလင်းကျွန်း စက်မှုဇုန်လမ်း (ကညန) ရုံး အလွန် ဆီဇုန်အနီးတွင် လူငယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး က တားသဖြင့် ဆိုင်ကယ် ရပ်ပေးမိရာက ဆိုင်ကယ်၊ လက်ဝတ် လက်စားနှင့် ငွေကျပ်သုံးသောင်းကျော် ဓားထောက် အလုခံခဲ့ရသည် ဟု လုယက်ခံလိုက်ရသည့် အမှတ် ၈ ရပ် ကွက်တွင် နေထိုင်သူ မအေးမြမြ က ပြောသည်။
“ကုန်ဈေးနှုန်းက ကြီးလာတယ်။ နေအိမ်ကျူးတွေ ဖျက်သိမ်း ခံရတယ်။ ကောင်းရောင်း ကောင်းဝယ် အလုပ် က ရှားလာတယ်။ တစ်နေ့လုပ် တစ်နေ့စားတွေ အလုပ်လက်မဲ့တွေ များလာတယ်။ စားမဲ့သောက်ရမဲ့ ဘဝတွေ ဖြစ် လာတော့ ဒုစရိုက်မှုတွေ များလာတယ်” ဟု အသက် ၆၈ နှစ် အရွယ်ရှိ ပင်စင်စားတစ်ဦးက ပြောသည်။
ခိုး၊ ဆိုး၊ လုယက်၊ ဓားပြတိုက်ခံရသူ အချို့က ရဲတပ်ဖွဲ့ကို အကြောင်းကြားကာ တိုင်ကြားထားသော်လည်း အရေး ယူ ဖော်ထုတ်နိုင်မှု မရှိသလောက် ဖြစ်နေခြင်းကြောင့် အချို့က ရဲတပ်ဖွဲ့ကို တိုင်ကြားခြင်းပင် မလုပ်ကြတော့ဘူး ဟု သိရသည်။
စစ်ကောင်စီ၏ တပ်နှင့် တွဲဖက်၍ ရဲတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးရာတွင် ပါဝင်နေရခြင်း၊ လူကြီး လမ်း ကြောင်းများ၊ ကင်းစခန်း၊ ရဲစခန်းများ၊ ၎င်းတို့၏ တစ်ဦးခြင်းနှင့် မိသားစုဝင်များ၏ လုံခြုံရေးကို အလေးပေး နေ ရခြင်းတို့ကြောင့် မြို့ခံများ၏ လုံခြုံရေးကို ဂရုမစိုက် ပစ်ပယ်ထားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုနေ ကြသည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင်က အရပ်သားများကို အမျိုးမျိုး အကြပ်ကိုင် ငွေညှစ်ခြင်း၊ လောင်းကစား ဝိုင်းများ ဖွင့်ခြင်း၊ မူးယစ်ဆေး ရောင်းခြင်း၊ သယ်ယူပေးခြင်းတို့ကို လုပ်နေခြင်းများကြောင့် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေသည်ဟု ပုသိမ်မြို့ရှိ ဥပဒေအထောက် အကူပြုအဖွဲ့ဝင် အချို့ က ဆိုသည်။