နဘုလယ်တွင် စစ်တပ် သတင်းပေးဆိုသူ အမျိုးသမီးတစ်ဦး နေအိမ်တွင် ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်။
တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် နီးစပ်သူ အမျိုးသမီး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု သိရသည်။
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ မူးဒူးကျေးရွာက အသက် ၆၀ အရွယ် ဒေါ်ပိုကြည် ဆိုသည့် အမျိုးသမီး သေနတ် ဖြင့် ပစ်သတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။
“ဒိုင်း ဆိုပြီး သေနတ်သံတွေ ကြားလိုက်ရတယ်၊ ခဏအကြာ သူ့အိမ်ရှေ့မှာ လူတွေဝိုင်းအုံ ကြည့်နေတာတွေ့မှ အပစ်ခံရမှန်းသိရတယ်” ဟု မူးဒူးရွာသူ အမျိုးသမီးတစ်ဦးက ပြောသည်။
သြဂုတ် လ ၂၉ ရက်နေ့က ဒေါ်ပိုကြည်၏ နေအိမ်ကို ဆိုင်ကယ်စီးလာသည့် အမျိုးသားသုံးဦး ရောက်ရှိလာပြီး နောက် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်ဟု သိရသည်။
ဒေါ်ပိုကြည်သည် စစ်ကောင်စီခန့် မူးဒူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦး ဖြစ်ပြီး စစ်တပ်ကို သတင်း ပေးနေသူ တစ်ဦးအဖြစ် နာမည်ကြီးနေကာ လောင်းကစားဝိုင်းတွေကိုလည်း ဦးဆောင်ပြုလုပ်နေသူ ဖြစ်သည်ဟု ရွာသားများ က ပြောသည်။
ထို့အပြင် PDF များကိုလည်း စိမ်ခေါ်သည့် စကားအသုံးအနှုန်းများကို ပြောဆိုလေ့ ရှိနေခြင်းကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတိပေးခြင်းကို ခံခဲ့ရဘူးသူလည်း ဖြစ်သည်ဟု သိရသည်။
ပစ်သတ်ခံရသူ ဒေါ်ပိုကြည် နှင့် ဆွေမျိုးတော်စပ်သည့် ဦးယူစိန်သည် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့၊ ညနေ ပိုင်းကလည်း သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။
ရေဖြူမြို့နယ် အတွင်း ဩဂုတ်လအတွင်း ပစ်သတ်ခံရသူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၆ ဦး အထိ ရှိလာပြီ ဖြစ်သည်။