သုံးဘီးမောင်းလာသည့် ပျူစောထီးခေါင်းဆောင်ကို ဗုံးခွဲ တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်။

စစ်ကောင်စီခန့် ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး သုံးဘီး မောင်းနှင် လာချိန် ဒေသခံ PDF အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ဒဏရာ ရရှိသွားပြီး အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ဒေသခံများက ပြောသည်။

သြဂုတ်လ ၃၀ ရက်နေ့၊ မွန်းလွဲပိုင်းက ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ညောင်ချောင်းကျေး ရွာတံတားအနီးတွင် ကံကုန်း ကျေးရွာက စစ်ကောင်စီခန့် ရာအိမ်မှူး ကိုအာချလာ (ခေါ်) ကိုကရင်လေး အသက် ၃၅ နှစ်၊ မောင်းလာသည့် သုံး ဘီးကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့သည်ဟု ကန်ကြီးထောင့်မြို့နယ် PDF က သတင်းထုတ်ပြန်ထားသည်။

ထိုတိုက်ခိုက်မှုကို ကန်ကြီးထောင့်မြို့နယ်၊ တော်လှန်ရေး တပ်ပေါင်းစု (KRF) နှင့် ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့သည်ဟု ကန်ကြီးထောင့်မြို့နယ် PDF တာဝန်ခံက အတည်ပြု ပြောသည်။

ကန်ကြီးထောင့်မြို့နယ် PDF တာဝန်ခံက “ပြည်သူတွေကို ခြိမ်းခြောက် ငွေတောင်းတယ်။ ညဖက်အလုပ်ပြန် နောက်ကျတဲ့ သူတွေကို ဖမ်းပြီး ဖားခုန် ခုန် ခိုင်းတယ်။ ပြည်သူကို အပြစ်မရှိ အပြစ်ရှာ နှိပ်စက်တဲ့ အရမ်း ဆိုး သွမ်းတဲ့ သူပါ” ဟု ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် သုံးဘီးဆိုင်ကယ်မှာ လုံးဝနီးပါး ပျက်စီးသွားပြီး စစ်ကောင်စီခန့် ရာအိမ်မှူး ကိုအာ့ချလာ (ခေါ်) ကိုကရင်လေးမှာ ဒဏ်ရာပြင်းထန်သဖြင့် ပုသိမ်ဆေးရုံတွင် သွေးသွင်းကုသနေစဉ် စစ်ကောင်စီ၏ တပ်က လာ‌ရောက် ခေါ်ဆောင်သွားခဲ့သည် ဟု ဆေးရုံနှင့် နီးစပ်များထံမှ သိရသည်။

ဆေးရုံ ဝန်ထမ်း တစ်ဦး က “နတခ စစ်ဆေးရုံကို ခေါ်သွားတာလို့ ထင်တယ်။ အခြေအနေကတော့ မကောင်းနိုင် ဘူး” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ကန်ကြီးထောင့်မြို့နယ်တွင် စစ်ကောင်စီ စစ်ယာဉ်တန်းကို လက်ပစ်ဗုံး ဖြင့် ပစ်ပေါက် တိုက်ခိုက်မှု တစ်ကြိမ်၊ စစ်ကောင်စီ ထောက်တိုင်များကို ဗုံးခွဲတိုက်ခိုက်မှု ၁၂ ကြိမ်၊ ဒလန် ရှင်း လင်းမှု ၁ ကြိမ် ဖြစ်ပွားခဲ့သည် ဟု သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ စစ်သား ၄ ဦး၊ ဒလန် ၁ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော် လူ ငယ်တစ်ဦး ကျဆုံးခဲ့ကာ စစ်ကောင်စီက ဒေသခံ အမျိုးသား၊ အမျိုးသမီး ၁၀၀ နီးပါးကို ဖမ်းဆီးကာ ချုပ်နှောင် စစ်ဆေးမှုများ လုပ်ခဲ့ပြီး အယောက် ၈၀ နီးပါးကို ဖမ်းဆီးထားဆဲဖြစ်သည် ဟု သိရသည်။