မိုင်းဆွဲ ခံ ယာဉ်တန်းမှ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီး အရပ်သား ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်။
ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီ ယာဉ်တန်းအား မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့များက ရမ်းသန်း၍ ပြန်လည်ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသူ အမျိုးသား တစ်ဦး ကျည်ထိမှန်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။
ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာနှင့် ဇဟာကျေးရွာအကြားရှိ တံတားအနီးတွင် စက်တင်ဘာ ၁၀ ရက်နေ့၊ ညနေက စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားများ က ပြန်လည်ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလားသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန်ခဲ့ သည်ဟု ဒေသခံများက ပြောသည်။
အသက် ၄၀ အရွယ် မောင်မယ်ရှောင် ရွာသား တစ်ဦး က “ဝုန်း ဆိုပြီး ပေါက်ကွဲသံ အကျယ်ကြီး တစ်ချက်ကြား တာ ရွာထဲမှာတောင် မြေကြီးတုန်သွားတာ။ ပြီးတာနဲ့ စစ်တပ်ကသေနတ် အချက် လေးငါးဆယ်လောက် ဆက် တိုက်ပစ်တာ” ဟု ပြောသည်။
စစ်ကောင်စီတပ်သားများက ကားပေါ်မှ ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် ဆိုင်ကယ်စီးလာသူ မောင်မယ်ရှောင် ကျေးရွာသား တစ်ဦး နားထင်ကို ကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်ခဲ့သည်ဟု သိရသည်။
ထိခိုက်ဒဏ်ရာရသွးသည့် အမျိုးသား သွေးထွက်လွန်ပြီး အသက်အန္တရာယ် စိုးရိမ်ရခြင်းကြောင့် အရေးပေါ်လူနာ တင်ကားဖြင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု အသက် ၄၀ အရွယ် မောင်မယ်ရှောင် ရွာသား တစ်ဦး က ပြောသည်။
ရန်ကုန်-ထားဝယ်ကားလမ်း အတိုင်း ရေဖြူဘက်မှ ထားဝယ်ဘက်သို့ ဦးတည်ကာ လူအင်အား အပြည့်ဖြင့်် မောင်းနှင်လာသည့် စစ်ကား ၄ စီးပါယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် စစ်ကားတစ်စီး မိုင်းထိမှန်သွားကာ ထိခိုက်သေဆုံးမှုများ ရှိနိုင်သည် ဟု သိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများက အနီးပတ်ဝန်းကျင်ကို သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့ပြီး ကားကို ဆက်လက်မောင်းနှင်သွားသည်ဟု ဒေသခံများက ပြောသည်။
မောင်မယ်ရှောင်ကျေးရွာသည် ထားဝယ်မြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးပြီး ယခုမိုင်းပေါက်ကွဲခဲ့သည့် လမ်းပိုင်း နေ ရာတွင် စစ်ကောင်စီယာဉ်တန်းများ မကြာခဏ မိုင်းဆွဲခံရလေ့ရှိပြီး ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်ဟု ရွာသားများ၏ ပြောပြချက်အရ သိရသည်။