KIA တပ်ရင်း ၁၄ ကို လေယာဉ်ဖြင့် တမနက်လုံး တိုက်ခိုက်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၄ ဘက်ကို စစ်ကောင်စီ ဂျက်တိုက်လေယာဉ်များက နံနက် ၉ နာရီမှ နေ့လည်ပိုင်းအထိ ဗုံးကျဲတိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူးဇွပ်ကျေးရွာအနီးရှိ ယခင်က ရွှေမှော်လုပ်ကွက်အဟောင်းများ ရှိရာ နန်ဆန်ချောင်းအနီးနေရာကို ဂျက်လေယဉ်ပေါ်မှ ဗုံးကြဲခဲ့သည့် အပြင် လက်နက်ကြီးသံများနှင့် သေနတ်သံများလည်း ဆက်တိုက်ကြားရသည် ဟု ဒေသခံများက ပြောသည်။

“ဒီနေ့မနက် သတင်းကြားတယ်။ နန်ဆန်ချောင်းဘက် မြေပြင်မှာ စစ်ကြောင်းထိုးတယ်လို့။ ခဏနေကြတော့ လေယာဉ်နဲ့ တပ်ရင်းဘက်မှာ ဗုံးလာကြဲပြီး နန်ဆန်ချောင်းအနီးမှာ သေနတ်သံတွေ ဆက်တိုက် ကြားရတယ်။ လူနေ အိမ်တွေနဲ့တော့ သိပ်မနီးဘူး” ဟု ရှဒူးဇွပ်ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။

ရှဒူးဇွပ်ကျေးရွာအတွင်းမှာ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ ကျေးရွာနေ ဒေသခံများက ဆိုင်များ ပိတ်သိမ်း ကာ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ဒေသခံအချို့မှာ မြစ်ကြီးနားမြို့ ဘက်ကို နေရပ်စွန့်ခွာကာ တိုက်ပွဲ ရှောင်သွားကြသူများလည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

တနိုင်း-လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာမှ ၆ မိုင်ခန့်အကွာတွင်ရှိသော KIA တပ်စခန်းအနီးတွင်လည်း စစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများ ပြောသည်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းထိုးစစ်နှင့် မြေပြင်ထိုးစစ်ဖြင့် အဆိုပါ KIA တပ်စခန်းကို တိုက်ခိုက်ကာ စခန်းကို ဝင်ရောက်ဖျက်ဆီးခဲ့သည်ဟု သတင်းအချို့ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိ သေးပေ။