ပြည်တော်စွန့်ခွာ အနာဂတ်အိပ်မက်ပုံဖော်ကြမည့် လူငယ်ထု
ဝေဟင်စိုးက သတင်းနှင့် မီဒီယာ ကွန်ရက်အတွက် ရေးသားသည်။
“ပုံမှန်အားဖြင့် ထောင်နှင့် ချီသော လူတန်းကြီးသည် သတ်မှတ်ထားသော တန်းစီသည့်နေရာမှ ရန်ကင်းမီးပွိုင့်ရောက်သည်အထိ ရှည်လျားစွာရှိနေတတ်သော်လည်း… “ ယခု နှစ်ပိုင်းတွင် မကြာမကြာ ကြားလာရသော သတင်းများထဲမှ တပိုင်းတစ ဖြစ်သည်။ နိုင်ငံကူး လက်မှတ်ထုတ်ပေးသောရုံးတွင် ထောင်နှင့်ချီသော လူများ နေပူ မိုးရွာမရှောင် တန်းစီ စောင့်ဆိုင်းနေကြသည့်အကြောင်း သတင်းများတွင် မကြာမကြာ ပါလာနေတတ်သည်။

စစ်တပ်က အာဏာသိမ်းခဲ့သည်မှာ (၁၉)လကြာမြင့်ခဲ့ပြီဖြစ်သည်။ ထို ကာလအတွင်း ပြည်တွင်းအလုပ်အကိုင်ရှားပါးမှု၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာမှု၊ ကုန်စျေးနှုန်းမြင့်တက်မှုစသည့် အခြေအနေများသည် ပြည်သူလူထုအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်လာသည်။
အာဏာသိမ်းပြီးနောက်ပိုင်း သတင်းများတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်လှုပ်ရှားမှုများ၊ စစ်ဘေးရှောင် ပြည်သူများ၏ အခက်အခဲများ စသည့် သတင်းများနှင့် အတူ မကြာခဏ တွေ့လေ့ ရှိသည့် သတင်းမှာ ထောင်နှင့် သောင်းနှင့် ချီသော လူငယ်များ နိုင်ငံကူး လက်မှတ်ရုံးမှာ နိုင်ငံကူး လက်မှတ် လျောက်ထားနေကြခြင်း ဖြစ်သည်။

ထိုလျောက်ထားနေသော လူများတွင် ပြည်တွင်း အလုပ်အကိုင်ရှားပါးလာမှုနှင့်အတူ စားဝတ်နေရေးကြပ်တည်းလာမှုများကြောင့် ပြည်ပနိုင်ငံများသို့ အလုပ်ထွက်လုပ်လိုကြသည့်သူများမှာ လူငယ်အများစုပင်ဖြစ်သည်။ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အကောင်းထက် အဆိုးဘက်သို့ ပြောင်းလဲမှုများသည်လည်း လူငယ်အများစုအတွက် အနာဂါတ်ပျောက်ခဲ့ရသည်။
လူငယ်များ၏ အေးချမ်းစွာ ပညာဆက်လက်သင်ကြားခွင့် အခွင့်အလမ်းများ၊ တစ်ဦးချင်းဆီ၏ အနာဂတ်ခရီးလမ်း စိတ်ကူးပုံဖော်ထား သမျှမှာလည်း ရွှေပြည်တော်မျှော် တိုင်းဝေး အဖြစ်မျိုး ကြုံခဲ့ရသည်။ ထို့ကြောင့်လူငယ်အများစု၏ အနာဂတ်အိပ်မက် ထွက်ပေါက်သည် နိုင်ငံရပ်ခြားသို့ ထွက်ခွာကြရန် ဆုံးဖြတ်လာကြခြင်းဖြစ်သည်။
ပြည်တွင်း၌ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ၊ စီမံကိန်းများသည် စစ်အစိုးရ၏ အမျိုးမျိုးပြောင်းလဲနေသော စီးပွားရေးမူဝါဒ၊ စစ်တပ်၏ ထင်ရာစိုင်း ချုပ်ကိုင်ချယ်လှယ်မှုကို မနှစ်မြို့သောကြောင့် ထွက်ခွာသွားကြရာ အလုပ်အကိုင် ရှားပါးမှုသည်လည်း မြင့်တက်လာခဲ့သည်။ ထို့အတူ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များအပေါ် ကန့်သတ်မှု များပြားလာခဲ့သည့်အတွက်လည်း ယခင် အရှိန်ရပြီးသား လုပ်ငန်းများပင်လျှင် ရပ်ဆိုင်းကုန်ကြသည်။
ထို့ကြောင့် အလုပ်အကိုင်ရှားပါးမှုများမှတဆင့် ကုန်စျေးနှုန်းမြင့်တက်လာမှုကိုပါ အလူးအလဲခံစားလာရသည့်အတွက် လူငယ်အများစုသည် အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် စင်ကာပူ၊ မလေးရှား၊ ဒူဘိုင်း၊ ဂျပန်နှင့် တောင်ကိုရီးယားအစရှိသော နိုင်ငံများတွင် ရရာအလုပ် လုပ်ကိုင်၍ သူတို့၏ အိမ်မက်ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြသည်။

လူငယ်အများစုက နိုင်ငံခြားသို့ ထွက်ခွာ၍ သူတို့၏ အနာဂတ်အိပ်မက်အကောင်အထည်ဖော်မှုအတွက် သာမန်ဝိဇ္ဇာ၊ သိပ္ပံ ဘွဲ့ရသူများသာမက မဟာသုတေသနတန်း ဘွဲ့ရယူထားသူများအထိ ပါ၀င်နေသည်။
စစ်အာဏာသိမ်းပြီးနောက် မဟာသုတေသနဘွဲ့ရယူထားပြီး ဒူဘိုင်းဘုရင့်နန်းတော်အတွင်းသန့်ရှင်းရေးအလုပ် လုပ်ကိုင်နေသော အသက် ၂၉ နှစ်အရွယ် မနှင်းဝေ(အမည်လွှဲ)က သူမ၏ ဆုံးဖြတ်ချက်အပေါ် ယခုကဲ့သို့ပြောသည်။
“ကျွန်မအနေနဲ့ ဒီလိုသွားပြီးအောက်ခြေသိမ်းအလုပ် လုပ်ရမယ်လို့ မထင်ထားဘူး။ တက္ကသိုလ်မှာ ကျူတာ အဖြစ်နဲ့ လုပ်ဖို့ ကြိုးစားနေတာ။ အခုတော့ သန့်ရှင်းရေး အလုပ်သမားဘဝနဲ့ ဖြတ်သန်းနေရတယ်။” ဟု မနှင်းဝေက ပြောသည်။
ဘွဲ့ရ ပညာတတ်တစ်ယောက်အနေဖြင့် ဘွဲ့နှင့် ထိုက်တန်သည့် အလုပ်ကိုသာ လုပ်ရလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း လက်တွေ့တွင် မိသားစု အရေးကို ဦးစားပေးလိုက်ရသည်ဟု မနှင်းဝေက ဆက်ပြောသည်။
“ကိုယ့်ကိုကိုယ်လည်း အံသြလို့မဆုံးသလို ဒီလို အခြေအနေဖြစ်လာမယ်လို့ မျှော်လင့်မထားဘူး။ ကျူတာ ဖြစ်ဖို့ဆိုတာကလည်း ငွေထုတ်ပိုက်လိုက်နိုင်မှရမယ့်အခြေအနေလေ။ နောက်ဆုံး မိသားစုစားဝတ်နေရေး၊ ကျွန်မဘဝတိုးတက်လမ်းအတွက် ထွက်ပေါက်က ဒီဘွဲ့ကို ဖက်တွယ်ထားလို့ မရတော့ဘူး။ နိုင်ငံခြားထွက်အလုပ် လုပ်ရင်တော့ အဆင်ပြေနို င်မယ်လို့ ဆုံးဖြတ်ပြီး အခုလို လုပ်ခဲ့ရတာဘဲ။ ဒီကနေ အဆင်ပြေရင် ၀င်ငွေကောင်း မယ့် နိုင်ငံတွေကို ဆက်ထွက်မယ်။ လုပ်နိုင်သရွှေ့ပေါ့။” ဟု သူမ၏ ဆုံးဖြတ်ချက်အပေါ် ပြောသည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)၏ သြဂုတ်လအတွင်း ဖော်ပြခဲ့သည့် အစီရင်ခံစာ အသစ်တစ်ခုတွင်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက် စစ်တပ်က အာဏာသိမ်းယူပြီးနောက်(၁၈) လတာကာလနှင့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှု တစ်နှစ်ခွဲကြာကာလ၌ မြန်မာနိုင်ငံသည် အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးမှုများ ကြုံတွေ့နေရသည်ဟု ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက အလုပ်အကိုင်အခွင့်အလမ်းများမှာ ၁ ဒဿမ ၁ သန်း လျော့နည်းသွားကြောင်း ထောက်ပြထားသည်။
မြန်မာနိုင်ငံတွင် လုပ်သားကုန်ထုတ်စွမ်းအားသည် ၂၀၂၁ ခုနှစ်၌ ကုန်ထုတ်စွမ်းအား (၈)ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး၊ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် နောက်ထပ် (၂) ရာခိုင်နှုန်း ထပ်မံ ကျဆင်းသွားခဲ့ကြောင်းနှင့် စစ်တပ်အာဏာသိမ်းယူမှု မတိုင်ခင်နှစ်များ က ရရှိခဲ့သည့်အကျိုးအမြတ်များ အားလုံး ပြောင်းပြန်ဖြစ်စေခဲ့သည်ဟုလည်း ဖော်ပြထားသည်။
လက်ရှိ ပြည်တွင်း၌ အများဆုံး ရင်းနှီးမြှပ်နှံထားသော အထည်ချုပ်လုပ်ငန်းတွင် ဖြစ်ပေါ်နေသော အခြေအနေများသည် နေ့စားဖြင့်သာ ခန့်အပ်၍ လုပ်ကိုင်နေရခြင်း၊ အလုပ်ချိန်များ ပုံမှန်မဟုတ်ခြင်း၊ အလုပ်သမားများအဖို့ လုပ်အားခ အနည်းငယ်ကိုသာ ရရှိနေသည့် အနေအထားများ ဖြစ်ပေါ်နေသည်။
ထို့အပြင် အလုပ်အကိုင်ရပ်စဲခံရသောအခါတွင်လည်း ပေးရမည့် အလုပ်ထုတ်နစ်နာကြေး ကဲ့သို့သော အကျိုးခံစားခွင့်များမပေးသည့် အခြေအနေမျိုးများ ရှိနေရသည်။
ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပြည်အပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr. Donglin Li က “စစ်တပ်က အာဏာလွှဲယူပြီး ၁၈ လ ကြာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခြေအနေဟာ အရမ်းကို ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ လက်ရှိ လုံးပါးပါးနေတဲ့အလုပ်အကိုင်အခြေအနေဆိုးရွားမှုတွေနဲ့ အလုပ်အကိုင်အရည်အသွေး ကျဆင်းမှုဟာ အလွန်အမင်းစိုးရိမ်ဖွယ်ရာကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု ပြောကြားထားသည်။
ယခု ၂၀၂၂ ခုနှစ် ပထမနှစ်ဝက် ကာလအတွင်း မြန်မာနိုင်ငံသည် အလုပ်အကိုင်ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)၏ တဆက်တည်း ထုတ်ပြန်ထားသည်။
တစ်ဖက်တွင်လည်း မြန်မာတစ်နိုင်ငံလုံးရှိ စက်မှုဇုန်များ၏ ၆၅ ရာခိုင်နှုန်းသည် ရန်ကုန်မြို့တွင် တည်ရှိနေပြီး၊ လက်ရှိ ရန်ကုန်မြို့ရှိ စက်မှုဇုန် ၂၉ ဇုန်ကို အဆင်မြှင့်တင်ဆောင်ရွက်၍ တာဝန်ယူမှု တာဝန်ခံမှုရှိသော ရင်းနှီးမြှပ်နှံမှုများ ၀င်ရောက်လာရေးဆောင်ရွက်နေ သည်ဟု စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဋ္ဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ ထိုစက်မှု ဇုံများ ပိတ်ထားသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
တဖက်တွင်လည်း စစ်အာဏာသိမ်းမှုနှင့် နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့ အရေးယူမှုများသည်လည်း ဂုဏ်သိက္ခာရှိသော စီးပွားရေး လုပ်ငန်းအများအပြားကို ရပ်ဆိုင်း သို့မဟုတ် ထွက်ခွာ သွားစေသည်။
သီလဝါကဲ့သို့သော အထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများပင်လျှင် ပြည်တွင်းမှ ထွက်ခွာသွားသဖြင့် ခြောက်ကပ်လျှက်ရှိသည်ကို တွေ့မြင်ရသည်။
ယင်းသို့သော အခြေအနေများကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာ၍ အလုပ်လုပ်ကိုင်လိုသော လူငယ်များ၏ အိပ်မက် ပို၍ကြီးထွားလာခဲ့သည်။
လူငယ်များကို နိုင်ငံခြားသို့ ထွက်ခွာရန် ဆွဲဆောင်မှု နောက်တစ်ခုမှာ လုပ်အားခ ကွာခြားမှုဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ အခြေခံအလုပ်သမားများရရှိနေသည် လုပ်အားခသည် ပျှမ်းမျှ နှစ်သိန်း ကျပ်ခန့်သာရ ရှိပြီး အိမ်နီးခြင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံပင်လျှင် ကျပ် ဆယ်သိန်းခန့် ရရှိနေသည်။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်အနီးက မဟာချိုင်ရှိ အအေးခန်းစက်ရုံတွင် အလုပ် လုပ်ကိုင်နေသည့် အသက် ၂၂ နှစ်အရွယ် ကိုမင်းသန့်ကျော် ကမူ “ အဆင်ပြေတယ်လို့ပြောရမှာဘဲ။ မြန်မာပြည်မှာ ထက်စာရင် နေထိုင်စားသောက်မှု အားလုံးအဆင်ပြေတယ်။ ရတဲ့ လုပ်အားခနဲ့ ပြန်သုံးရတဲ့ ကုန်စျေးနှုန်း မျှတယ်လို့ဆိုရမယ်။” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခြင်းဖြင့် တစ်ကိုယ်စာသာမက မြန်မာပြည်တွင် ကျန်နေသော မိသားစုများကို ထောက်ပံ့နိုင်သည်ဟု သူက ဆက်ပြောသည်။
“ကျွန်တော် ရောက်တာ လေးလကျော်ရှိပြီ။ ကိုယ်အသုံးစရိတ်ဖယ်ပြီး သုံးလအတွင်း ၁၅ သိန်းကျော်လောက်တော့ အိမ်ပြန်ပို့နိုင်ပြီ။ မြန်မာနိုင်ငံမှာတုန်းကတော့ ဗိုလ်ချုပ်စျေးဘေးက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ လုပ်တယ်။ အခု အဲ့ဒီ ကုမ္ပဏီလည်း လုပ်ငန်းတွေ ရပ်ဆိုင်းထားတာကြောင့် ကျွန်တော်လည်း ထိုင်းကို ထွက်လာခဲ့တာ” ဟု ဆိုသည်။
လက်ရှိတွင် လူငယ်အများစု ရွေးချယ်သည့် နိုင်ငံမှာ အိမ်နီးချင်း ထိုင်းနိုင်ငံဖြစ်သည်။ ယင်းမှာ အချိန်ကာလတိုဖြင့် သွားရောက်အလုပ် လုပ်ကိုင်နိုင်ခြင်း၊ ဘာသာစကား သင်တန်းများတက်ရောက်ရန်မလိုအပ်ခြင်းနှင့် ထိုင်းသို့မသွားရောက်ခင် စာရွက်စာတမ်း မလိုအပ်ခြင်းတို့သည့် ထိုင်းနိုင်ငံသို့ အများဆုံးသွားရောက်ကြသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။

လုပ်ခလစာပိုမိုများပြားသည့် ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် လုပ်ခလစာ များလင့်ကစား ၀န်ဆောင်မှုငွေ များပြားခြင်း၊ အချိန်ကာလစောင့်ဆိုင်းရခြင်းနှင့် သတ်မှတ်အဆင့် ဘာသာစကား တတ်မြောက်မှသာ ထွက်ခွာခွင့်ရခြင်းတို့ အပြင် လူဦးရေ အကန့်အသတ်နှင့် အမျိုးသားများကို ဦးစားပေးခေါ်ယူခြင်းတို့ကြောင့် လူနည်းစုသာ သွားနိုင်ကြသည်။
မြန်မာနိုင်ငံမှ အနည်းဆုံး ဘွဲ့ရ လူငယ်အများစုသည် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ အထွက်များလျှက်ရှိပြီး၊ အခြေခံပညာအဆင့်အောင်မြင်ထားသူ လူငယ်အများစုမှာမူ ထိုင်း၊ မလေးရှား ဒူဘိုင်းနှင့် စင်ကာပူ နိုင်ငံသို့ ထွက်ခွာလုပ်ကိုင်ရန် ကြိုးစားနေကြသည်ကို တွေ့ရသည်။
စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဋ္ဌာနကလည်း ပြည်ပနိုင်ငံများသို့ လုပ်သားစေလွှတ်မှုကိုလည်း ပြန်လည်ခွင့်ပြုပေးနေပြီး သက်ဆိုင်ရာ နိုင်ငံအလိုက် လုပ်ငန်းကော်မတီများ မှန်မှန် လုပ်ဆောင်ကြရန် မှာကြားထားပြီး၊ လက်ရှိအချိန်အထိ ပြည်ပအလုပ်အကိုင်လိုင်စင်ရ အကျိုးဆောင်ကုမ္ပဏီ ၃၄၃ ခု ရှိနေသည်။ ယင်းအနက် ထိုင်းနိုင်ငံ အေဂျင်စီလိုင်စင်ပြုလုပ်ထားမှု မှာအများဆုံးဖြစ်သည်။

“ထွက်ချင်တဲ့ နိုင်ငံအလိုက်တော့ ထွက်နေကြတာရှိပါတယ်။ ဒါပေမယ့် ထိုင်း၊ မလေးရှားနဲ့ ဒူဘိုင်းလို နိုင်ငံတွေကို အထွက်များတယ်။ လုပ်သားလိုအပ်ချက်ကလည်း အဲ့ဒီနိုင်ငံတွေမှာ ပိုလိုအပ်တဲ့ သဘောရှိတယ်။ လူငယ်နဲ့ လူလတ်ပိုင်းမှာ လူငယ်တွေပိုများလာတယ်။ အချို့ဆိုဘယ်အလုပ်ရရ လုပ်ခလစာကောင်းတယ်ဆို ဘယ်နိုင်ငံမဆိုထွက်မယ်ဆိုတာမျိုးတောင်ရှိတယ်။ အများစုကတော့ သူတို့တွေမျိုးသားချင်းအခံရှိတဲ့ နိုင်ငံတွေကို ထွက်လာမျိုးလည်း ရှိတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခု လုပ်ကိုင်နေသော တာဝန်ခံတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် လူမှုအင်အားဦးစီးဋ္ဌာန၏ စာရင်းများအရ လူဦးရေ ၅၄ သန်းကျော်ရှိပြီး၊ နိုင်ငံအတွင်းနေထိုင်သည့် ထိုလူဦးရေ၏ လေးပုံ တစ်ပုံမျှသည် နိုင်ငံရပ်ခြားသို့ ရောက်ရှိ သို့မဟုတ် ထွက်ခွာရန် ကြိုးပမ်းနေကြသည်ဟုလည်းဆိုသည်။
ပြည်တွင်းရှိ လူငယ်များအတွက်ကား အဓိက ပြဿနာမှာ အနာဂတ် ပျောက်ဆုံးခြင်း ဖြစ်သည်။
“ပြည်တွင်း ကပ်ရောဂါကြောင့် အလုပ်အကိုင်တွေ ယာယီရပ်နားလိုက်ရတယ်။ ကိုဗစ် အရှိန်လျော့ကျကာစမှာဘဲ အာဏာသိမ်းဖြစ်စဉ် က ထပ်ပေါ်တယ်။ အာဏာသိမ်းပြီး မကြာဘူး ကိုဗစ်က ထပ်ဖြစ်တယ်။ အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာမှာ စက်သုံးဆီစျေးတွေတက် ကုန်စျေးနှုန်းတွေ တက်လာတယ်။ ဆိုတော့ ဒီလိုလူတွေမှ မခက်ခဲရင် ဘယ်လိုလူတွေခက်ခဲဖို့ ရှိဦးမှာလဲ။ ကိုယ်ဘာသာအစိုးရလို့ တာဝန်ယူထားတဲ့ သူတွေကလည်း ဘာတစ်ခုမှ ကောင်းအောင်ပြန်မလုပ်နိုင်ဘူး။ ကျွန်မတို့က ဒီလိုအကြပ်အတည်းကိုကျော်ဖြတ်ဖို့ဆိုရင် ကိုယ့်လုပ်အားခနဲ့ တန်အောင်ရနိုင်မယ့် နိုင်ငံရပ်ခြားမှာ ကျွန်သွားခံဖို့ဆိုတဲ့ ထွက်ပေါက်ဘဲရှိတော့တယ်။ ဘယ်လမ်းမှ မရှိတော့ဘူး။ မထွက်ချင်လည်းထွက် ၊ ထွက်ချင်လည်း ထွက်ဘဲ။ လူငယ်အများစု ပေးကြည့်လိုက် နိုင်ငံခြားသွားမယ်ဆိုတဲ့ ရာခိုင်နှုန်း ပိုများတယ်။” ဟု နောက်ဆုံးနှစ် မြန်မာစာ ကျောင်းသူ မသီရိဝေ သူမ၏ ရှု့မြင်ပုံကို ပြောသည်။
နိုင်ငံအတွင်းငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းကြောင့် အိမ်ထောင်စုများသည် ငွေကြေးဆိုင်ရာ ဖိစီးမှုများနှင့် ရင်ဆိုင်နေကြရချိန်တွင် လက်နက်ကိုင်ပဋိပက္ခများကိုလည်း ဆက်လက်ခံစားနေကြရသည့်အတွက် နိုင်ငံအတွင်း ဆက်လက်နေထိုင်ပါက ရပ်တည်ရန်ခက်ခဲလာနေခြင်းကြောင့် ပြည်တော်စွန့်ခွာ အနာဂတ်အိမ်မက်အတွက် ပုံဖော်ကြရန် လူငယ်အများစုက ပြည်ပနိုင်ငံများသို့ တဖြည်းဖြည်းထွက်ခွာလာကြခြင်းလည်းဖြစ်သည်။