ဆိုင်ကယ်စီး အရပ်သား တစ်ဦး သေနတ်ဖြင့် ပစ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသား ၁ ဦး စစ်ကောင်စီတပ် က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။
မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊ သံလမ်းကူးအနီးတွင် စက်တင်ဘာလ ၁၃ ရက်နေ့၊ ည ၁၁ နာရီ ကျော် အချိန်က ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်လိုက် လိုက်ခြင်း ဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။
သံချပ်ကာ ကားနှစ်စီးပေါ်မှ စစ်ကောင်စီတပ်များက ဆိုင်ကယ်စီးနှင်းလာသူ လူလတ်ပိုင်းအမျိုးသား တစ်ဦးကို ဆိုင်ကယ်ရပ်ခိုင်းရာ မရပ်ပေးသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု အေးမြသာယာ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦး က ပြောသည်။
အေးမြသာယာ ရထားသံလမ်းကူးအနီးနေထိုင်သည့် အမျိုးသားတစ်ဦးက “မသင်္ကာလို့ပစ်တာ ထင်တယ်။ မျက် နှာနားမှာ သွေးတွေအများကြီးပဲ။ ပစ်ခံရတဲ့သူကို လူနာတင်ကားနဲ့ လာတင် သွားတာတွေ့လိုက်တယ်။ စစ်ကား နှစ်စီးနဲ့ စစ်သားတွေလည်း အပြည့်ပဲ တွေ့တယ်” ဟု ပြောသည်။
သို့သော် ယခု ပစ်ခတ်ခံလိုက်ရသည့် အမျိုးသား၏ နောက်ဆုံးအခြေအနေကိုမူ မသိရသေးဘူးဟု အဆိုပါ အမျိုးသားက ဆက်ပြောသည်။
အလားတူ စစ်တပ်က ပစ်ခတ်ခဲ့သည့် အဆိုပါ အမျိုးသားမှာလည်း မည်သူမည်ဝါဖြစ်သည်ကိုလည်း ရပ်ကွက် နေပြည်သူများက မသိကြဘူးဟု ဆိုသည်။
စစ်ကောင်စီတပ်သားများက ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့အတွင်းရှိ ရမ်ပူရပ်ကွက်၊ အေးမြသာယာ ရပ်ကွက်နှင့် ကြာရာပတ္တီးနယ်မြေများတွင် ပစ်ခတ်ဖမ်းဆီးမှုများကို ဆက်တိုက်လုပ်ဆောင်နေသည်ဟု မြို့ခံများ က ပြောသည်။
ထိုသို့သော ပစ်ခတ်မှုများနှင့် ပတ်သက်၍ ပြည်နယ်အတွင်းအချို့သော Online Page များတွင် PDF အဖွဲ့ဝင်များ ပစ်ခတ်ဖမ်းဆီးရမိနေသည်ဟု သတင်းများတင်ကာ ဝါဒဖြန့်တားမှုများကို တွေ့နေရသည်ဟု ဒေသခံများက ဆိုသည်။