ရွာအုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။
ပရဟိတသမား ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး ရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ပစ်သတ်ခံ လိုက် ရသည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်ခရိုင်း လောင်းလုံးမြို့နယ်၊ ကထောင်းနီကျေးရွာ နှင့် လေးသွန်းခံကျေးရွာ လမ်းပိုင်းအကြားရှိ တံတားထိပ်တွင် ကထောင်းနီကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အဆိုပါ ပရဟိတသမားကို ဆိုင်ကယ်စီး လူနှစ်ဦးက အနောက်မှ ကပ်လိုက်ကာ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ပစ်ခတ်မှုကို မြင်တွေ့လိုက်သည့် အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက “ဒိုင်း ဒိုင်း ဒိုင်း ဆိုပြီး သေနတ်သံ သုံးလေးချက်ပစ်သံကြားရပြီး ဆိုင်ကယ်လဲသွားတယ်။ မီးတိုင် ၂ တိုင် ကျော်လောက်ပဲ ဝေးတာဆို တော့ လူနှစ်ယောက်နဲ့ ဆိုင်ကယ် ဆက်မောင်းသွားတာပါ သေချာမြင်လိုက်တာပါ လမ်းမကြီးဆိုတော့။ ပြီးတော့ သိပ်မမှောင်သေးဘူး” ဟု ပြောသည်။
ပစ်သတ်ခံလိုက်ရသူသည် လောင်းလုံးမြို့နယ်တွင် NLD အစိုးရလက်ထက်က ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ပရဟိတသမား ဦးအောင်လွင် အသက်၄၀ နှစ် ဆိုသူ ဖြစ်သည်။
ဦးအောင်လွင်သည် စက်တင်ဘာ ၁၃ ရက်နေ့၊ ည ၆နာရီခွဲ အချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး နေရာတွင် သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။
ဦးအောင်လွင်သည် ယခင် NLD လက်ထက်က ကထောင်းနီကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ဖူးပြီး စစ်အာဏာ မသိမ်းခင်ကတည်းက နှုတ်ထွက်၍ အရေးပေါ် နာရေးကား မောင်းခြင်းနှင့် လူမှုရေး ပရဟိတအလုပ်များကို လုပ်ကိုင်ပေးနေသူတစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဦးခေါင်း၊ ရင်ဘတ်နှင့် လက်မောင်းတို့တွင် ကျည်ထိမှန်၍ သေဆုံးသွားသူ ဦးအောင်လွင်၏ အလောင်းကို ညတွင်း ချင်းပင် နာရေးကားနှင့် ထားဝယ်မြို့ဘက် သယ်ဆောင်သွားသည်ဟု သိရသည်။
ဒေသခံ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်ကြသည့် LLPDF၊ ထားဝယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ DDT-တပ်ခွဲ ၃ နှင့် ပြည်သူ့ပန်းတိုင်ပျောက်ကျားတပ်ဖွဲ့တို့ကလည်း ဦးအောင်လွင် ပစ်သတ်ခံရသည့် ဖြစ် စဉ်မှာ ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်းနှင့် သက်ဆိုင်မှုမရှိကြောင်း သတင်းထုတ်ပြန် ငြင်းဆိုထားသည်။