ဟဲဟိုး စိုက်ပျိုးရေး သိပ္ပံ ဖွင့်ရက် အကြိမ်ကြိမ် ပြောင်းသဖြင့် ကျောင်းသားများ အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း ဖွင့်မည့်ရက် ၂ ကြိမ်ရွှေ့သဖြင့် ကျောင်းသားများ အခက်တွေ့နေကြသည်ဟု သိရသည်။
စိုက်ပျိုးရေးသိပ္ပံကျောင်း ဖွင့်မည့်ရက်ကို စစ်ကောင်စီ လက်အောက်ခံ အဆင့်မြင့် ပညာဦးစီးဌာနမှ မကြာမဏ ရက်ရွှေ့နေသောကြောင့် ကျောင်းသူ/ကျောင်းသားများမှာ အခက်တွေ့နေကြခြင်း ဖြစ်သည်ဟု ကျောင်းသား များက ပြောသည်။
စိုက်ပျိုးရေးသိပ္ပံကျောင်း ပထမနှစ် စတက်မည့် ကျောင်းသားတစ်ဦးက “သူတို့ ခဏခဏ အဲလိုရွှေ့နေတော့ ကျနော်တို့လည်း စီစဉ်ရတာ မလွယ်ဘူးလေ။ သူတို့နောက်ကျမှ ဖွင့်မယ်ဆိုလို့ အဝေးသင်အပ်လိုက်တာ။ အပ်ပြီးတော့လည်း တခါရက်ပြန်ရွှေ့မယ်ဆိုတော့ ဟဲဟိုးအထိ လိုက်သွားပြီးပြီ။ ဟိုရောက်တော့မှ တခါ နောက်ပြန် ဆုတ်တယ်ဆိုတော့ အထုပ်ပိုးတွေနဲ့ တောင်ကြီး ပြန်တက်ရတယ်။ ကားခနဲ့ တော်တော်ကုန်နေပြီ” ဟု ပြော သည်။
ဟဲဟိုးမြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းကို ယခင်က စက်တင်ဘာ ၁၂ ရက်နေ့တွင် ဖွင့်မည်ဟု စစ်ကောင်စီ လက် အောက်ခံ အဆင့်မြင့်ပညာဦးစီးဌာနမှ ထုတ်ပြန်ထားသောကြောင့် အဝေးသင်အပ်မည့် ကျောင်းသားများမှာ ကျောင်းမအပ်ပဲ အဆိုပါ ကျောင်းဖွင့်မည့်ရက်ကိုသာ စောင့်ခဲ့ကြသည်ဟု သိရသည်။
သို့သော်လည်း ထိုကျောင်းဖွင့်မည့်ရက်မှာ အဝေးသင် နောက်ဆုံးသုတ်များ ဖြေဆိုပြီးမှသာ ဖြစ်မည်ဟု ပြန်လည် ထုတ်ပြန်လာသောကြောင့် ကျောင်းသားများမှာ တောင်ကြီးတက္ကသိုလ် အဝေးသင်ကိုသာ ရွေးချယ်ခဲ့ကြောင်း သိရသည်။
ထို့နောက်ကျောင်းသားများ ယခုလက်ရှိ အဝေးသင်တက္ကသိုလ် တက်ရောက်နေဆဲအချိန်တွင် စိုက်ပျိုးရေးသိပ္ပံ ကျောင်းမှာ စက်တင်ဘာ ၁၉ ရက်နေ့တွင် သေချာပေါက်ဖွင့်မည်ဟု ပြန်လည် ကြေညာလိုက်သောကြောင့် ကျောင်းသားများ အနေဖြင့် တောင်ကြီးအဆောင်ခ အဆုံးခံကာ ဟဲဟိုးအဆောင်သို့ ပြန်လည် ပြောင်းရွှေ့နေ နေကြရသည်ဟု သိရသည်။
“ပိုက်ဆံရှိတဲ့ မိဘတွေတော့ စနေ၊ တနင်္ဂနွေကို တောင်ကြီးမှာကျူရှင် လာတက်လို့ရအောင် စီစဉ်ပေးလို့ ရတာ ပေါ့။ မရှိတဲ့သူတွေကျတော့ သွားလိုက်ပြန်လိုက်လုပ်ဖို့ စရိတ် မတတ်နိူင်ဘူးပေါ့။ အသွားအပြန် စရိတ်နဲ့တင် တစ်ပတ် ၃၀,၀၀၀ လောက်ကုန်တယ်လေ” ဟု စိုက်ပျိုးရေးသိပ္ပံကျောင်း ပထမနှစ် စတက်မည့် ကျောင်းသား တစ်ဦး၏ မိခင်က ပြောသည်။
ဟဲဟိုးမြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ကျောင်းပြီးသည်နှင့် တစ်ပြိုင်နက် အလုပ်အကိုင် ရရှိသောကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ နယ်မြို့များက ကျောင်းသားများ အဓိက တက်ရောက်ကြသည့် ကျောင်း တစ်ကျောင်း ဖြစ်သည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
ထို့ပြင် အဆိုပါ ကျောင်းမှာ ၃ နှစ် ဒီပလိုမာတန်းသာ ဖြစ်သောကြောင့် ကျောင်းသားများ အနေဖြင့် ဘွဲ့တစ်ခုရ ရှိရန် တောင်ကြီးတက္ကသိုလ် အဝေးသင်အား ဖြေဆိုခွင့်လည်း ရကြသည်ဟု သိရသည်။
ထိုသို့ အဝေးသင် တက်ရောက်ရာတွင်လည်း ထိုကျောင်းဖွင့်သည့်အချိန်နှင့် တစ်ကြိမ်တစ်ခါမျှ တိုက်ဆိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ယခင် စစ်အာဏာမသိမ်းမီ စာသင်နှစ်များတွင် စာသင်နှစ် တစ်ခုနှင့်တခုကြား ၄ လခန့်ခြားသော်လည်း ယခု စာသင်နှစ်တွင် ဩဂုတ်လ ၂၂ ရက်နေ့တွင် စာမေးပွဲ ဖြေဆိုပြီးရာ စက်တင်ဘာ ၁၉ ရက်နေ့တွင် ပြန်ဖွင့်မည် ဆိုသောကြောင့် တစ်လပင်း မခြားဘူးဟု ကျောင်းသားများက ပြောသည်။
စိုက်ပျိုးရေးသိပ္ပံကျောင်း မကြာခဏ ရက်ရွှေ့နေခြင်းမှာ CDM ပြုလုပ်ထားသည့် နည်းပြ ဆရာများ နေရာတွင် အစားထိုးရန် ခက်ခဲနေခြင်းနှင့် ကျောင်းအပ်သည့် ကျောင်းသားအရေအတွက်မှာ အလွန်နည်းသောကြောင့် ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီအစိုးရအနေဖြင့် ကျောင်းဖွင့်မည့်ရက်နှင့် စာမေးပွဲရက်များ မကြာခဏရွှေ့နေခြင်းမှာ တိုင်းပြည် အေးချမ်းသာယာပြီး တစ်နှစ်ပတ်လုံး ကျောင်းသားများ ကျောင်းတက်နေကြကြောင်း ဝါဒဖြန့်လိုခြင်းနှင့် စီမံခန့်ခွဲမှု မနိုင်မနင်းဖြစ်နေခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု CDM လုပ်ထားသည့် ကျောင်းသား/သူများနှင့် ဆရာ/ဆရာမ များက သုံးသပ်ပြောဆိုနေကြသည်။