ပုခက်လွှဲသော လက်များ ခုတော့ သေနတ်ကိုင်သည်၊ ဆေးကုသည်၊ ရိက္ခာထုတ်သည်၊ လက်နက်ထုတ်သည်။

အားမီ
သတင်းနှင့် မီဒီယာ ကွန်ရက်။

အချိန်က ဇွန်လ အလယ်ပိုင်းဖြစ်သည်။ စစ်ကောင်စီ တပ်ဖွဲ့များက အင်အားအလုံးအရင်းနှင့် ပြည်သူ့ ကာကွယ်ရေး တပ်စခန်း တစ်ခုကို ထိုးစစ်ဆင်ခဲ့သည်။

စခန်းမှ ပြန်လည် ခုခံမှုမရှိ။

စစ်ကောင်စီ တပ်သားများ စခန်းတွင်းရောက်လာသည့် အခါတွင် သူတို့ ဘာမှမတွေ့တော့သလို လူလည်းမရှိတော့၊ ပစ္စည်းတွေလည်း ရှိမနေတော့ပေ။

ဖြစ်ရပ်မှာ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲမှ အမျိုးသမီး တပ်ဖွဲ့ စခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီး တော်လှန်ရေး စစ်သည်တွေက သတင်းကြိုတင်ရထားသဖြင့် စခန်းကို စွန့်ခွာပြီး ဖြစ်နေခဲ့သည်။

“ဒီနွေဦး တော်လှန်ရေးရဲ့ လမ်းကြောင်းပေါ်မှာ အခြေခံပြီးတော့မှ ကျား/မ တန်းတူ အခွင့်အရေး ကိစ္စရပ်တွေကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့တော့ ထင်မြင်မိတယ်။ နောက်တစ်ခုကျတော့ အမျိုးသမီးတွေအနေနဲ့ နွေဦးတော်လှန်ရေး ပါဝင်မှုမှာ စိန်ခေါ်မှုတွေကျတော့ ဒီ ကျား/မ တန်း တူပေါ့နော။ ငါတို့တွေ က အမျိုးသားများနည်းတူ ဒီ လက်နက်ကိုင် လမ်းစဉ်မှာ စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်နိုင်ရမယ်ဆိုတဲ့ စိတ်ထားမျိုးက ကိုယ့်မှာအမြဲတမ်းရှိရတယ်။”

အမျိုးသမီးတစ်ယောက် အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) M2M ပြန်ကြားရေးတာဝန်ခံ မအမ်မရာက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အမျိုးသမီးစစ်သည်တော် တပ်ရင်း (မြောင်) M2M သည် နွေဦးကာလအတွင်း ဖြစ်တည်ပေါက်ဖွားလာသည့် စစ်ကိုင်းတိုင်း အတွင်းက တပ်ရင်းတစ်ရင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၏ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် နိုင်ငံတဝှမ်းက လူငယ်ထုများက ဦးဆောင်ပြီး ပါဝင်မှုထဲ အမျိုးသမီးများ၏ ပါဝင်မှုအခန်းကဏ္ဍကလည်း တရှိန်ထိုး ပါဝင်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

လမ်းပေါ်ထွက်ဆန္ဒပြနေရာမှ တောထဲဝင်၊ စစ်သင်တန်းတက်ကာ လက်နက်ကိုင်တော်လှန်ကြမည်ဟု ဆိုရာတွင်လည်း အမျိုးသမီးလူငယ်ထု၏ ပါဝင်မှုက စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကာလအထိ အားကောင်းနေဆဲပင်။

ယခုတော်လှန်ရေးကြီးတွင် အမျိုးသမီးထု၏ ပါဝင်မှုက မြို့ပြ၊ ကျေးလက်သပိတ် လှုပ်ရှားမှုများနှင့် လက်နက်ကိုင် လမ်းစဉ်ဆိုပြီး နှစ်ပိုင်းခွဲခြား၍ ရနိုင်သည်။

နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည့် အသက် ၁၈ နှစ်မှ ၂၈ နှစ်ကြား အမျိုး သမီးလူငယ်များမှာ လက်ရှိတွင် တပ်ရင်း၊ တပ်စုများဖွဲ့ကာ အမျိုးသားများနှင့်တန်းတူ ပါဝင်နေကြသည်။

ထိုသို့ပါဝင်နေကြသော်လည်း စာရင်းအတိအကျ ဖော်ပြနိုင်ခြင်းတော့ မရှိသေးပေ။ သို့သော် အမျိုးသမီးများ အနေဖြင့် ခုခံတော်လှန်စစ်အတွင်း ပါဝင်မှုက အားကောင်းနေသည်ကိုမူ မည်သူကမှ ငြင်းဆို၍ မရပေ။

စစ်ကိုင်းတိုင်းထဲက အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) မှာ အင်အား ၅၀၀ ကျော်ခန့်ရှိသည်။

ထို့အပြင် စစ်ကိုင်းတိုင်းအခြေစိုက် Myanmar Defense Force (MDF-Special Force)တွင် အမျိုးသမီးကွန် မန်ဒို စုဖွဲ့မှုပင် ရှိနေပြီး ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင်လည်း အမျိုးသမီးစစ်သည် အင်အား ၇၀၀ ကျော်ခန့်ရှိသည်ဟု BNI ၏ ခုခံတော်လှန်စစ်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ဆန်းစစ်လေ့လာ ခြင်း အစီရင်ခံထားအရ သိရသည်။

အလားတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၅) တွင်လည်း အမျိုးသမီးအထူးတပ်ခွဲ တစ်ခုကို ၂၀၂၂ ခုနှစ် မေလအတွင်းမှာ ဖွဲ့စည်းခဲ့သည်။

အမျိုးသမီးစစ်သည်များ၏ စိန်ခေါ်မှုများ

အမျိုးသမီးများအနေဖြင့် လက်နက်ကိုင် လမ်းစဉ်ကို စတင်ဝင်ရောက်သည့်အခါ ပထမဆုံး ကြုံရသည့် စိန်ခေါ် မှု မှာ အမျိုးသားများနှင့်တန်းတူ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်နိုင်ရေး၊ စစ်ပညာသင်ကြားနိုင်ရေးတို့ ဖြစ်သည်ဟု အမျိုးသမီးစစ်သည်များက ပြောသည်။

အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) M2M ၏ ပြန်ကြားရေးတာဝန်ခံ အမ်မရာက “ဒီပတ်ဝန်းကျင်ရဲ့ မိန်း ကလေးတွေ ဖြစ်နေခြင်းကြောင့်ပေါ့နော မလုပ်နိုင်ပါဘူးဟေ့ဆိုတဲ့ အမြင်တွေကိုလည်း ကျမတို့အနေနဲ့ စိန်ခေါ် မှု တစ်ရပ်ပေါ့။ နောက်တစ်ခုက အမ်မရာတို့တွေက အမျိုးသမီးတွေဖြစ်တယ်။ အမျိုးသမီးဖြစ်နေခြင်းကြောင့် အိမ်မှုကိစ္စရပ်တွေနဲ့ပဲ အချိန်ကုန်နေရမယ့် သူတွေကပေါ့နော မလုပ်နိုင်တဲ့ အလုပ်ကြီးဖြစ်တဲ့ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်တဲ့အခါ သူတို့ရဲ့ စွမ်းဆောင်မှုက ဘယ်လောက်အထိများ ရှိနေမှာမို့လို့လဲ ဆိုတဲ့ ဒီပတ်ဝန်း ကျင်ရဲ့ အမြင်သေးမှု အထင်သေးမှုတွေကိုလည်း အမ်မရာတို့တွေက ရင်ဆိုင်ကြရတယ်” ဟု ပြောသည်။

ထို့အပြင် တော်လှန်ရေးတွင် အသက်အန္တရာယ် မကျရောက်အောင် ဂရုစိုက်နေရသည်မှာလည်း အမျိုးသမီးများအတွက်တော့ ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ်အဖြစ်ရှိနေသည်ဟု ဆက်ပြောသည်။

“ဒီ စိန်ခေါ်မှုဆိုတာက လက်နက်စွဲကိုင်ပြီးတော့မှ တိုက်ပွဲဝင်ကြတယ်ပေါ့နော။ တိုက်ပွဲဝင်တဲ့ အခါမှာဆိုရင် စိန် ခေါ်မှုက ကိုယ့်ရဲ့ အသက်ကို ကိုယ်ကိုတိုင် ကာကွယ်ဖို့ လိုအပ်သလို ကိုယ့်ရဲ့ ရန်သူကို ဘယ်လိုနည်းနဲ့ ဘယ်လို မျိုးနဲ့ တော်လှန်နိုင်မလဲ။ ဘယ်လို ချေမှုန်းနိုင်မလဲ ဆိုတဲ့ဟာကလည်း ဒွန်တွဲပြီးတော့ ရှိနေရတယ်ပေါ့နော်။”

ဒီနေ့ထက် မနက်ဖြန်နေ့များတွင် ပိုကြိုးစားမည်၊ ဒီနေ့လုပ်နိုင်သည်ထက် နက်ဖြန်နေ့များတွင် ပိုလုပ်နိုင်ရမည် ဆို သည့် စိတ်ဓါတ် ခွန်အားများနှင့် ချီတက်နေရခြင်း ဖြစ်သည်ဟု အမ်မရာ က ပြောပါသည်။

အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) M2M သည် အမျိုးသားများနည်းတူ ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြ သည့်အပြင် နောက်တန်းမှလည်း ထောက်ပို့လုပ်ငန်းများ၊ ဆေးတပ်သားတာဝန်များနှင့် မိုင်းထုတ်လုပ်ရေး လုပ်ငန်းများကိုပါ လုပ်ကိုင်နေကြသည်။ တချိန်တည်းတွင် နွေဦးတော်လှန်ရေး အောင်မြင်ရေးအပြင် ကျား-မတန်းတူ အခွင့်အရေးအတွက်လ်ညး ဖော်ဆောင်နေသည်ဟု အမ်မရာက ဆိုသည်။

မြို့ပြသပိတ်များပါဝင်ခဲ့သည့် အမျိုးသမီးမဟာမိတ်အင်အားစု – Woman Alliance Burma အဖွဲ့ က မအေးမြင့်အောင်အောင်က သူမ တောတွင်းတစ်နေရာတွင် စစ်ရေးအတွက် သင်တန်းများ သွားတက်ခဲ့ချိန် ကြုံတွေ့ခဲ့ရ သည့် စိန်ခေါ်မှုအချို့ကို ယခုကဲ့သို့ ရှင်းပြသည်။

“မြန်မာ့ ဓလေ့ထုံးတမ်းတွေအရ ကျနော်တို့ Culture အရက ကျတော့ အမျိုးသမီးတွေက အမျိုးသားတွေ ထက် နှိမ့်ကျတယ်ဆိုတဲ့ အမြင်ကတော့လေ တချို့နေရာတွေမှာ ရှိဆဲပဲဗျာ။ ရှေ့တန်းကို ကျနော်ကိုယ်တိုင် သွား တဲ့ အခါမှာလည်း အများကြီး ကြုံရတယ်ပေါ့နော်ဗျာ။ အသေးစိတ်တွေကအစ ပြောရမယ်ဆိုရင် ရေချိုးတဲ့ အခါ ထမိန်ဝတ်တဲ့ အခါကအစ ကျနော်တို့ ထမိန်ကို လှန်းတဲ့အခါမှာ အမျိုးသားတွေနဲ့ တန်းတူ လှန်းခွင့်မရခဲ့ ဘူး။ ကျနော်တို့ ထမိန်ကို သူတို့ မမြင်သာတဲ့နေရာပေါ့နော။ အဲဒီနေရာက သန့်လည်း မသန့်ရှင်းဘူး။ ဒါပေမယ့် အဲလိုမျိုးနေရာမှာ ကျနော်တို့ လှန်းခဲ့ရတာမျိုးပေါ့။ ဒါဆိုကျနော်တို့ ကျန်းမာရေးအတွက် အစဉ်မပြေဘူးပေါ့။”

ထို့အပြင် တောထဲတွင် သွားလာရာတွင်လည်း စိတ်မလုံခြုံသည့် အခြေအနေမျိုးများနှင့် ရင်ဆိုင်ရသည်ဟု မအေးမြင့်အောင်အောင် က ဆက်ပြောသည်။

“နောက်တစ်ခုကကျတော့ ကျနော်တို့ တောထဲမှာ သိတဲ့အတိုင်းပဲ ကျနော်တို့ အမျိုးသမီးတွေ အနေနဲ့ သွားဖို့ လာဖို့ကျတော့ အများစုက အမျိုးသားတွေဖြစ်ကြတယ်။ ဆိုတော့ အခက်အခဲတွေက အများကြီးရှိတယ်။ သူတို့ အမြင်မှာကလည်း ဒီအမျိုးသမီးတွေအနေနဲ့ ဒီတောထဲမှာ လာပြီးတော့ နေတဲ့အပေါ်မှာ တောထဲမှာ ဖြစ်သလို အိပ်ရတဲ့အပေါ်မှာ ဒီလိုမျိုး စိတ်မသက်မသာတွေ ဖြစ်တာတွေပေါ့နော်။ ဒီတော်လှန်ရေး လုပ်တဲ့အခါမှာ နည်း နည်း အခက်အခဲဖြစ်တာတွေ အဟန့်အတားတွေ အများကြီးရှိတာပေါ့။ ဒါကတော့ အသေးစိတ် ပြောပြတာ ပေါ့နော်။”

ထိုသို့သော အမျိုးသား၊ အမျိုးသမီးတို့၏ လုပ်နိုင်စွမ်းအပေါ် ခွဲခြားမှု၊ ရိုးရာဓလေ့ထုံတမ်းများအရ အမျိုးသမီးများမှာ အမျိုးသားများထက် နိမ့်ကျသည်ဆိုသည့် ဖိုဝါကြီးမှု၊ ခွဲခြားမှုများ ရှိနေခြင်းက တော်လှန်ရေးအတွင်း စိတ်မသက်သာစရာ၊ အခက်အခဲအဟန့်အတား ဖြစ်စေခဲ့သော်လည်း အမျိုးသမီး စစ်သည်များအနေဖြင့် စစ် အာဏာရှင်အမြစ်ပြတ် ချေမှုန်းရေးအတွက် ကျရာကဏ္ဍမှ ပါဝင်ရန် ဆုံးဖြတ်ထားကြသည်ဟု ဆိုကြသည်။

ခုခံတော်လှန်စစ်အတွင်း ပါဝင်နေကြသည့် အမျိုးသမီးစစ်သည်များသည် စစ်ရေးလေ့ကျင်ခြင်းများ၊ အခြေခံ စစ်သင်တန်းအတွင်း အမျိုးသားများနည်းတူ လိုက်ပါဆောင်ရွက်လျှက်ရှိသည်။ မိုးဒဏ်၊ လေဒဏ်များထဲ အငတ်ခံ အလှပျက်ခံကာ စစ်ရေးလေ့ကျင့်နေပြီး ရှေ့တန်းစစ်မြေပြင်အထိ ပါဝင်လာကြခြင်းမှာလည်း နွေဦးတော်လှန် ရေး၏ လေးစားအသိအမှတ်ပြုရမည့် ပုံရိပ်များပင် ဖြစ်သည်။

KNDF တပ်ရင်း-၅ က အမျိုးသမီးတပ်ခွဲမှူး မအိန်းဂျလစ်မိုး က သူမ၏ စစ်သင်တန်းတွင် ကြုံတွေ့ခဲ့ရသည် များ နှင့် ပတ်သက်၍ “ဒီသင်တန်းမှာ အမျိုးသမီးရဲမေတွေက ကိုယ်ခန္ဓာကြံ့ခိုင်ရေးရှိဖို့နဲ့ စစ်ရေးအခြေခံဆိုပြီး လေ့ ကျင့်ခဲ့တယ်။ ကျမတို့က ဒီတိုက်ပွဲမှာ ပါဝင်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် ရှေ့တန်းတိုက်ပွဲမှာ စစ်မြေပြင်မှာ အဆင်သင့်ဖြစ်နေဖို့အတွက်ဆိုပြီးတော့ ဒီသင်တန်းမှာ ကျမတို့ ထမင်းစားနေချိန်ပဲဖြစ်ဖြစ်၊ ညသန်းခေါင် အိပ် မောကျနေချိန်မှာရော ဘာမှ ကြိုအသိပေးခြင်း မရှိပဲနဲ့ သေနတ်ဖောက်တာတွေ၊ မိုင်းခွဲတာတွေက ကျမ တို့ရဲ့ ဘေးပတ်ဝန်းကျင်မှာ တကယ် ရန်သူတွေ ဝိုင်းထားခံရတာမျိုး အဲ့လိုလေ့ကျင့်ပေးခဲ့တယ်။ ဆိုတော့ ကျမတို့ က အမြန်ဆုံးပြန်တုန့်ပြန်ရတာပေါ့” ဟု ပြောသည်။

တုန့်ပြန်မှု မှားယွင်းခဲ့ခြင်းကြောင့် ပြစ်ဒဏ်ပေးခံရသည်များလည်း ရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် “တချို့ရက်တွေမှာဆို ညအမှောင်ထဲမှာ ဓါတ်မီးမသုံးဘူး။ မီးကို အသုံးခိုင်းဘူး။ ဓါတ်မီးမထိုးပဲနဲ့ ဒီစစ်ကြောင်း ထွက်ရတာမျိုးပေါ့နော်။ ဒါတွေလေ့ကျင့်ခဲ့ရတာတွေရှိတယ်။ ပြီးတော့ ဒီမိန်းမသားမို့ ဒီစစ်သင် တန်းကို ခက်ခက်ခဲခဲနဲ့ တက်ခဲ့ရတာပေါ့နော်။ အထူးသဖြင့် မိုးရာသီဆိုတော့ မိုးရာသီမှာ ကျမတို့သွားလာရတာ လမ်းခရီးနဲ့တင် အခက်အခဲဖြစ်တယ်။ တချို့အမျိုးသမီးတွေက ဒီသင်တန်းအတွင်းမှာပဲ Menstruation ဖြစ် တာတွေ ရှိတယ်။ ဒါပေမယ့် ဒီသင်တန်းကို ကြိုးစားပြီး တက်ခဲ့ရတာပေါ့နော်။ လေ့ကျင့်ရေးဆင်းခဲ့ရတယ်” ဟု ဆက်ပြောသည်။

အဆိုပါ စိန်ခေါ်မှုများအပြင် အမျိုးသမီးစစ်သည်များအနေဖြင့် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှု၊ နေထိုင်စားသောက်ရေး ဆိုင်ရာ စိန်ခေါ်မှုအမျိုးမျိုးကိုလည်း ကြုံရသည်ဟု ပြောသည်။

KNDF တပ်ရင်း-၅၊ တပ်ခွဲ-၄ ၏ ပြန်ကြားရေး တာဝန်ခံ စိုးမြာ က “ညီမအနေနဲ့ ဒီအမျိုးသမီး အနေနဲ့ပေါ့နော တပ်ထဲရောက်တဲ့အခါမှာ မထင်မှတ်ပဲ ကြုံတွေ့ရတဲ့ အခက်အခဲက အဲလို တပ်ထဲစရောက်လာတော့ အမျိုးသား တွေများတယ်လေ။ အမျိုးသားတွေ များတော့ သူတို့ကြားထဲမှာ နေရတာ မလုံခြုံဘူး ခွဲခြားမှုတွေ ရှိမှာကို စိုး ရိမ်ခဲ့တယ်။ သူတို့ကိုလည်း အမျိုးသမီးကိစ္စတွေကို တိုင်ပင်လို့ အဆင်မပြေတာတွေ ရှိတယ်။ အဲဒါတစ်ခုပဲ အခက်အခဲဖြစ်ခဲ့တာပါ” ဟု ပြောသည်။

သို့သော် တပ်ရင်း – ၅ တွင်ခွဲခြားဆက်ဆံခံရခြင်းမျိုး မရှိဘူးခဲ့ဘူးဟု ဆိုသည်။ တပ်ရင်း – ၅ တွင် အသားငါးဟင်း တစ်ပတ်တစ်ကြိမ်စားရသော်လည်း အချို့လများတွင် တစ်လ တကြိမ်၊ နှစ်ကြိမ်ခန့်သာ စားရသည်ဟု ဆိုသည်။

စိုးမြာ က “ဒီမှာ ဘာဟင်းလဲဆိုတော့ အခုမိုးရာသီအခါကျတော့ အဲလိုမျိုး မုန်ညင်းရွက်ပေါ်တယ်။ မိုးညင်းရွက် ပေါ်တော့ မုန်ညင်းရွက်စားရတာ ဒီလအတွင်းတော့ မုန်ညင်းရွက် ဘူးသီးတွေပေါ့ ဘူးသီး ဖရုံသီး အဲ့လိုမျိုး မိုး ရာသီခါကျတော့ အဲလိုမျိုးပေါတော့ အဲဒါဒီလထဲမှာ အများဆုံးစားဖြစ်တယ်။ အသားက တစ်ပတ်ကို တစ် ခေါက် ကျွေးတယ်။ တစ်ပတ်ကို တစ်ခေါက်ကျွေးတယ်။ ဒါပေမယ့် ထောက်ပို့တွေက မထောက်ပို့နိုင်ဘူး မပို့နိုင် ဘူးဆိုရင် တစ်လမှာ ၂ ခေါက်လောက်ပဲ စားရတယ်” ဟု ပြောသည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း-၅ အမျိုးသမီးစစ်သည်များအနေဖြင့် တောထဲရောက် ရောက်ချင်း ပထမဆုံးကြုံရသည့် ပြဿနာမှာ ရေအခက်အခဲဖြစ်သော်လည်း ယခုကဲ့သို့ မိုးတွင်အချိန်အခါတွင် အဆင်ပြေနေသည်ဟု ဆိုသည်။

“နောက်ပြီး နွေရာသီဆိုရင် ရေမရှိတဲ့ပြဿနာ ရေမရှိတော့ အမျိုးသမီးတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာပဲ ပြော ပြော အခက်အခဲရှိတယ်။ အခုအခါကျတော့ မိုးရေရတော့ ရေက အဲလောက်အထိ မရှားဘူး ဒါပေမယ့် အဲလို မျိုး? လမ်းတွေ မကောင်းတာတွေပေါ့။ အခုမိုးတွင်းဆိုတော့ နေရာထိုင်ရတာ မိုးကာတွေ ခက်ခဲတာတွေတော့ ဖြစ်တယ်။နောက်ပြီး မိုးရွာတဲ့ အခါတွေမှာဆိုရင် အမျိုးသမီး လစဉ်ဖြစ်လာတယ်ဆိုရင် သိပ်အဆင်မပြေဘူး ပေါ့နော။ တောထဲမှာလည်း နေရတယ်ဆိုတော့ အဲလိုပဲ ဟုတ်တယ် ထမိန်မလှမ်းရ ဘာညာဆိုတာကအစပေါ့”

အမျိုးသမီးစစ်သည်များ လစဉ်ကြုံရသည့် အခြားအခက်အခဲမှာ လစဉ်ရာသီဓမ္မတာလာချိန်ဖြစ်ပြီး ကပ်ခွာက အစ အခက်အခဲများစွာရှိသည်ဟု စိုးမြာက ဆက်ပြောသည်။

“နောက်ပြီးတော့ ကျန်းမာရေး ကိစ္စတွေမှာ ဆိုရင်လည်း လိုအပ်ချက်တွေကတော့ ရှိသေးတယ်။ နောက်ပြီး တော့ အမျိုးသမီး သုံးပစ္စည်းတွေဆိုရင်လည်း အများကြီးလိုအပ်သေးတယ်။ အရမ်းလိုအပ်တာပေ့ါနော်။ တခါ တလေ အလှူရှင်လာတယ်။ အလှူရှင်လာလို့ရှိရင်လည်း မိန်းကလေးအတွက်ဆို လုံလုံလောက်လောက်တော့ ပေး တယ်။ ဒါပေမယ့် အဲဒါမျိုး ကုန်သွားတာမျိုးဆိုရင် ကိုယ်ကပဲ တစ်ခါတစ်လေဆိုရင် ကိုယ့်ဟာကိုယ်ပဲ ဝယ်လိုက် တယ် အဲလို ဝယ်လိုက်တာတွေ ရှိတယ်ပေါ့။ ဒါပေမယ့် အလှူရှင်က ထောက်ပံ့တာရှိတာ ပိုများပါတယ်။”

နွေဦးကာာလတွင် ပေါ်ပေါက်လာသည့် PDF အဖွဲ့များအနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးအတွက် မကြာ သေးမှီကာလကမှ ဖွဲ့စည်းတည်ထောင်လာသည့်အဖွဲ့များဖြစ်ရာ အမျိုးသမီးစစ်သည်များအတွက် ကျန်းမာရေးဆိုင်ရာ သီးသန့်ထောက်ပံ့ပေးရန်နှင့် ပံ့ပိုးမှုပေးရန်တွက် သတ်မှတ်ချက်၊ မူဝါဒများ ချမှတ်ထားသည့် တပ်ရင်းတပ်ဖွဲ့မျိုး မရှိသေးဘူးဟု အမျိုးသမီးစစ်သည်များက ပြောသည်။

အမျိုးသမီးစစ်သည်များအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲအမျိုးမျိုး၊ အစာအဟာရပြည့်ပြည့်ဝဝ မရရှိ ခြင်းနှင့် အသက်ဘေး အန္တရာယ်အတွက် အချိန်မရွေး ထိခိုက်သေဆုံးနိုင်သည်ကို သိသော်လည်း စစ်အာဏာရှင် ကို အမြစ်ပြတ်ချေမှုန်းရေးတွင် မည်သည့် ဇာတ်ကောင်နေရာမှ မဆို ပါဝင်ရန် အဆင်သင့် ပြင်ဆင်ကာ ပါဝင်နေကြခြင်း ဖြစ်သည်ဟု ဆိုကြသည်။

အမျိုးသမီးစစ်သည်များအနေဖြင့် စစ်သင်တန်းတွင် စစ်ရေးအခြေခံနှင့် ကြံ့ခိုင်ရေးအတွက်သာမက အမျိုးသမီး များ၏ အခန်းကဏ္ဍ၊ အမျိုးသမီးများ၏ စွမ်းရည်မြင့်သင်တန်းများ၊ စီမံခန့်ခွဲမှုသင်တန်း၊ သမိုင်းကြောင်း နှင့် ပတ်သက်သည့်သင်တန်း၊ လက်ရှိနိုင်ငံရေး အခင်းအကျင်းတို့ကိုလည်း လေ့လာသင်ကြားခဲ့ရသည်ဟု သိရသည်။

လက်ရှိတွင် အမျိုးသမီး စစ်သည်များ မည်သည့်အခန်းကဏ္ဍများတွင် ပါဝင်နေသနည်း။

အမျိုးသမီးစစ်သည်များသည် စစ်ကောင်စီတပ်၏ လူအင်အား၊ စစ်လက်နက်အင်အားများ၊ မြေပြင်နှင့် ဝေဟင် ထိုးစစ်ဆင်မှုများကို အမျိုးသားများနည်းတူ ကြံ့ကြံ့ခံကာ ခက်ခဲကြမ်းတမ်းမှု ပုံဏ္ဍာန်မျိုးစုံကို ရုန်းကန် ဖြတ်နေသန်းရသည်ဟု ဆိုကြသည်။

“ကျမတို့ တိုက်ပွဲမှာဆိုရင် နေရာရွေးလို့မရဘူး။ နေမကောင်းလို့ပါ ဆိုပြီး ပြောလို့ရမရဘူး။ မိုးလေဝသတွေကို လည်း ရွေးလို့မရဘူးပေါ့။ အချိန်နေရာတွေ ရွေးလို့မရတာကြောင့် ဒါတွေအတွက် တကယ်အဆင်သင့်ဖြစ်ဖို့ အတွက် training ဆင်းခဲ့ရတာပေါ့နော်” ဟု မအိန်းဂျလစ်မိုး က ဆက်ပြောသည်။

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် နန်းမယ်ခုံမြို့ ကြားရှိ ပူဖားကျေးရွာတွင် ဇွန်လ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် KNDF တပ်ရင်း-၆ တို့ ထိတွေ့ တိုက်ပွဲများအတွင်း ပထမဦးဆုံး ပွဲဦးထွက် အနေဖြင့် KNDF တပ်ရင်း-၆ မှ အမျိုးသမီး ကွန်မန်ဒိုနှစ်ဦးပါဝင် တိုက်ခိုက်ခဲ့သေးသည်။

လက်ရှိတွင် KNDF တပ်ရင်း – ၅ မှ အမျိုးသမီးစစ်သည်များ ရှေ့တန်းစစ်မြေပြင်တွင် ပါဝင်နေသည့် အခြေအနေ များနှင့် ပတ်သက်၍ “တချို့က ယောက်ကျားလေး၊ အမျိုးသားရဲဘော်တွေနဲ့ ရှေ့တန်းကင်းမှာ အတူပါဝင်ပေး တာမျိုး၊ ပြီးတော့ ဒီထိ တွေ့တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာတွေမှာဆိုရင် လုံခြုံရေးပြန်ယူပေးတာမျိုး၊ နောက်မှာ လည်း နယ်မြေရှင်းလင်းရေး တို့၊ မိုင်းရှင်းလင်းရေးတို့၊ ပြီးတော့ စနိုက်ဘာမစ်ရှင်တို့မှာလည်း အမျိုးသမီး တပ် ဖွဲ့တွေက အမျိုးသားရဲဘော် တွေနဲ့အတူ ပူးပေါင်းပါဝင်သွားဖို့ ရှိတယ်ပေါ့နော်” ဟု မအိန်းဂျလစ်မိုး က ပြောသည်။

စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲများတွင် အမျိုးသားများနှင့်အတူ အမျိုးသမီးများ ကလည်း ရှေ့တန်းစစ်မြေပြင်တွေ ကျရာတာဝန်မှ ပါဝင်နေကြသည့်အပြင် စစ်လက်နက်ထုတ်လုပ်ရေး အပိုင်း တွင် ပါဝင်နေသည့် အမျိုးသမီးစစ်သည်တပ်ရင်း တစ်ရင်းလည်း ရှိနေသည်။

ထိုအဖွဲ့မှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့က အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) အဖွဲ့ပင် ဖြစ်သည်။

အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) M2M ၏ ပြန်ကြားရေးတာဝန်ခံ အမ်မရာက “အဓိကအားဖြင့် မိုင်း ထုတ်လုပ်တယ်။ မိုင်းထုတ်လုပ် ပြီးတော့မှ မိုင်းထုတ်လုပ်ရေးကနေ ရလာတဲ့ ထုတ်ကုန်တွေ ကပေါ့နော မိုင်း အမျိုးအစားအားဖြင့် ငါးခုကို ထုတ်တယ်။ ပြည်သူ့ဆီက ထောက်ပံ့ငွေတွေကို ရလာတဲ့ အထဲက နေပြီးမှ အဓိက အားဖြင့် မိုင်းထုတ်လုပ်တယ်။ အဲဒီ ထုတ်လုပ်လို့ ရတဲ့ဟာတွေကိုမှ မြောင်မြို့နယ်အတွင်းက တလရတွေ အဖွဲ့ အစည်းတွေမှာ မျှဝေပြီးတော့မှ သုံးစွဲခွင့်ပြုတယ်။ ဒီမြို့နယ်အတွင်းမှာတင်မကဘူးပေါ့နော။ ဒီ စစ်ကိုင်း ခရိုင် အထိပါ။ စစ်ကိုင်းမြို့ပေါ်က တလရ အင်အားစုတွေအထိ မျှဝေပေးတယ်။ ပြီးရင် မြင်းခြံမြို့နယ်ထဲက တလရ အင်အားစုတွေအထိ မျှဝေပေးတယ်။ ဆိုတော့ အမ်မရာတို့ရဲ့ အားသာချက်သည် မိုင်းထုတ်လုပ်ရေး ဖြစ်တယ်” ဟု ပြောသည်။

အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) အဖွဲ့အနေဖြင့် စစ်လက်နက် မိုင်းများ ထုတ်လုပ်ရေး လုပ်ငန်းများကို ဦးဆောင်ကာ နောက်တန်းမှ လုပ်ဆောင်နေခြင်းအားဖြင့် ရှေ့တန်းရောက် အမျိုးသားစစ်သည်များအတွက် အခ ရာကျသည့်အပိုင်းမှ ပါဝင်နေခြင်း ဖြစ်သည်ဟု အမ်မရာက ဆက်ပြောသည်။

“ဒီမိုင်းရဲ့ အကျိုးသက်ရောက်မှုက ဘယ်လိုမျိုးလဲဆိုတော့ ဒီမိုင်းစစ်ဆင်ရေး လုပ်လိုက်ပြီဟေ့ဆိုရင် စကစ အကြမ်းဖက်သမားတွေရဲ့ လမ်းကြောင်းကိုလည်း ဖြတ်တောက်ရာရောက်တယ်။ ဒီမိုင်းကို အသုံးပြုခြင်းအား ဖြင့် စကစ အကြမ်းဖက်သမားတွေကို အလွယ်တကူ ချေမှုန်းနိုင်တယ်။ ဒီ တလရ အင်အားစုတွေ အနေနဲ့ ကျ တော့ အန္တရာယ်ကင်းဘေးရှင်းနိုင်တယ်ပေါ့နော။ ဆိုတော့ ကိုယ့်အတွက်က အန္တရာယ်နည်းပြီး ရန်သူကို အန္တ ရာယ်ကျရောက်လာနိုင်ဖို့အတွက်ဆိုရင် ဒီမိုင်းစစ်ဆင်ရေးက ပိုပြီး ထိရောက်တယ်လို့ ယူဆထားတယ်။ ဒါ ကြောင့်မို့လို့ ဒီအခန်းကဏ္ဍမှာ ပိုပြီး Upgrade တွေလည်း လိုက်မြင့်တယ်။ ပိုပြီးတော့မှ ထုတ်ပေးတယ်။ ဆိုတော့ ထုတ်လုပ်ရေးအပိုင်းမှာလည်း အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှုက ပိုပြီးတော့မှ အခရာကျတယ်လို့ ပြောချင်တာပါလေ။”

လက်ရှိနွေဦးတော်လှန်ရေးအတွင်း အမျိုးသမီးများ ပါဝင်လာခြင်းကြောင့် မြောင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်၏ လမ်းကြောင်းများကို အမျိုးသမီးများက ဦးဆောင်ကာ စုံစမ်း ချိတ်ဆက်ပေးခြင်း၊ အမျိုးသားများထက် လုပ်ငန်းစဉ်များ ချမှတ်ရာတွင် စနစ်တကျ အသေးစိတ်ကအစ ချမှတ်နိုင်ခြင်း စသည်တို့ကိုလည်း လုပ်ဆောင်နိုင်သည်ဟု ဆိုသည်။

ထို့အပြင် KNDF တပ်ရင်း-၅ က အမျိုးသမီးတပ်ခွဲက အမျိုးသမီးစစ်သည်များသည် ရှေ့တန်းစစ်မြေပြင်တွင် ပါဝင်နေကြသည့်အပြင် နောက်တန်းတွင် ကျန်ခဲ့သူများက တပ်အတွက် ရန်ပုံငွေရရှိနိုင်ရေး လုပ်ငန်းတစ်ခုကို စတင်နေပြီဟု KNDF တပ်ရင်း-၅၊ တပ်ခွဲ-၄ ၏ ပြန်ကြားရေး တာဝန်ခံ စိုးမြာ က ပြောသည်။

“အခုအမျိုးသမီးတပ်ခွဲက ဘာလဲဆို အပ်ချုပ်တာ။ အမျိုးသမီးတွေက အပ်ချုပ်တာကို စပြီး သင်ယူနေပြီ။ သင် ယူ ပြီးတော့ ကိုယ်ပိုင် ဒီဇိုင်းထွင်ပြီး ကိုယ့်ရဲ့ တပ်အတွက် ရံပုံငွေပုံစံမျိုး ရှာဖွေတယ်။ ကိုယ့်ရဲ့တပ်တွင်း အထွက် ငွေနည်းပြီးတော့ အကောင်းဆုံး ရပ်တည်နိုင်ဖို့ အတွက်တော့ ထွက်ငွေနည်းအောင်၊ ထွက်ငွေနည်း ပြီးတော့ ဝင် တဲ့ ငွေတိုးအောင် ဘယ်လိုကူညီနေသလဲ အမျိုးသမီးတွေက အပ်ချုပ်တာကို ထူးထူးခြားခြား လုပ်ဆောင်နေ တာပေါ့နော။ ခုမှစနေတာ။”

အလားတူ KNDF တပ်ရင်း၊ တပ်ခွဲများတွင် တာဝန်ထမ်းဆောင်နေကြသည့် အမျိုးသမီးစစ်သည်များသည် တိုက် ပွဲများကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့် တပ်ဖွဲ့ဝင်များ၊ စစ်ရှောင်ပြည်သူများကို ဆေးကုသမှု အပိုင်းတွင် ကူ ညီပေးခြင်း၊ စစ်ရှောင်ဒုက္ခသည်များ၏ အသံများ၊ ရင်ဖွင့်မှုများကို နားထောင်ပေးပြီး နှစ်သိမ့်ဆွေးနွေးပေးခြင်း တို့ကိုလည်း လုပ်ဆောင်နေသည်ဟု ပြောသည်။

မီးခိုးငွေ့များ၊ ယမ်းငွေ့များ တလူလူ လွင့်ပြန့်နေသည့်အပြင် ဘယ်အရပ်ဆီကလာမှန်းမသိသည့် ဂျိန်းကနဲ မြည် သံ၏ နောက်က လက်နက်ကြီး ပေါက်ကွဲသံများ၊ သေနတ်သံများ၊ လေယာဉ်က ဗုံးကြဲမှုများကို နေ့စဉ်ရက် ဆက် မြင်နေကြားနေရသည်ဟု ဆိုသည်။

ထိုပစ်ခတ်သံများ၏ နောက်တွင် သွေးသံရဲရဲ သေဆုံးဒဏ်ရာရမှုများ၊ ကိုယ်လက်အင်္ဂါပြတ်ခြင်း၊ အဆောက်အဦ များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများကလည်း အမျိုးသမီးစစ်သည်များအတွက် စိတ်နှလုံးနာကျင်ခံစားမှုနှင့်အတူ စစ် အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးတွင် လက်နက်ကိုင်တိုက်ပွဲဝင်ရန် ဆက်လက်တွန်းအားနေပေးနေသည့် အချက်တစ်ချက်လည်း ဖြစ်သည်ဟု ဆိုကြသည်။

နွေဦးတော်လှန်ရေးမှသည် အမျိုးသမီးစစ်သည်များ၏ မျှော်မှန်းချက်

နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူ နေရပေါင်းစုံ၊ ထောင့်ပေါင်းစုံကနေ ရွံ့ရွံ့ချွံချွံ စစ်အာဏာရှင်ဖြုတ်ချရေးတွင် ပါဝင်နေကြပြီး အတွေးအခေါ်တော်လှန်ရေးကို တိုက်ပွဲဝင်နေကြ သည်ဟု တော်လှန်ရေးရဲမေများက ပြောသည်။

အမျိုးသမီးများ နွေဦးတော်လှန်ရေးတွင် ပါဝင်စွမ်းဆောင်နိုင်မှုသည် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေကြ သည့် ဖိနှိပ်အကြမ်းဖက်မှု၊ ခွဲခြားဆက်ခံခံရမှု၊ နေရာပေးမခံရမှုများတွက် တန်းတူမှု ရရှိရေး အထောက်အကူပြု နိုင်မည်ဟု အမျိုးသမီးက ယုံကြည်ထားကြသည်။

ယောက်ကျား၊ မိန်းမ ခန္ဓာကွဲပြားမှု၊ ဖြစ်တည်မှု ကွဲပြားခြားနားမှုများကြောင့် အမျိုးသမီးများ ဖြစ်နေခြင်းက ဖိုးဝါဒကြီးစိုးသည့် မြန်မာလူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးများတွက် စိန်ခေါ်မှုများမှာ အမျိုးသားများထက် ပိုကြီးမားစွာ ရှိနေသည်မှာ မည်သူမှ ငြင်းဆို၍ မရပေ။

နွေဦးတော်လှန်ရေးအတွင်း မြို့ပြကျေးလက်ဆန္ဒထုတ်ဖော်မှုနှင့် လက်နက်ကိုင် တော်လှန်ရေးတို့တွင် အမျိုး သမီးများ၏ စွမ်းဆောင်နိုင်မှု၊ စွန့်လွှတ်စွန့်စားမှု၊ သတ္တိ၊ ရဲရင့်မှုနှင့် ဦးဆောင်နိုင်မှုများ အထင်းသားပေါ်လွင်နေ သော်လည်း နေရာဒေသလိုက်ကာ အမျိုးသမီးများဖြစ်သည့်အတွက် လုပ်ဆောင်နိုင်ပါ့မလား ဆိုသည့် သံသယ များဖြင့် နေရာ အတော်များများတွင် တန်းတူဆက်ဆံခြင်း မခံရမှုများက ကြုံတွေ့နေရဆဲဖြစ်သည်ဟု အမျိုးသမီးစစ်သည်များ က ပြောသည်။

မြန်မာလူ့အဖွဲ့အစည်းအတွင်း ထုံတမ်းစဉ်လာများအရ အမျိုးသမီးများ၏ စွမ်းဆောင်ရည်အပေါ် လက်တွေ့ ကျ ကျ မရှုမြင်ကြပဲ အပေါ်ယံထင်မြင်ယူချက်၊ ကန့်သတ်ချက်များ၊ ဘောင်ခတ်မှုများဖြင့် လွှဲမှားသည့် အတွေးအခေါ် အယူအဆများဖြင့် ဆက်ဆံခံနေရခြင်းကလည်း အမျိုးသမီးအတွက် စိန်ခေါ်မှုများ ပိုဖြစ်စေသည်ဟု နွေဦးတော် လှန်ရေးတွင် ပါဝင်နေသည့် အမျိုးသမီးများက ဆိုသည်။

ထို့စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရသည့် အမျိုးသမီးများသည်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ကာမအိန္ဒြေ ပျက်ပြားအောင် ညှင်းပန်းနှိပ်စက်မှုများနှင့် အဓမ္မပြုကျင့်ခံရခြင်းများ ခံနေရသည်များကလည်း အမျိုး သမီးဖြစ်တည်မှုအပေါ် အခွင့်ကောင်းယူပြီး နိုင်ထက်စီးနင်း ရက်စက်စွာ လူသားမဆန်သည့် အနိုင်ကျင့်မှုများ ဖြစ်သည်ဟု ဆိုရမည်ပင်။

နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသည့် အမျိုးသမီးများသည် စစ်အာဏာရှင်နှင့်အတူ အာဏာရှင်မှန်သမျှကို အမြစ်ပြတ်ချေမှုန်းရေးအပြင် မြန်မာလူ့အသိုင်းအဝိုင်း၏ ဖိုဝါဒကြီးဆိုးမှု၊ ထုံးတမ်းအစဉ်အလာအရ ကန့်သတ် ခွဲခြားမှုများကို တိုက်ဖျက်ရေးကိုလည်း တပြိုင်တည်း တိုက်ပွဲဝင်သွားမည်ဟု ဆိုကြသည်။ ထိုသို့ ဆုံးဖြတ်ထား သည့်အတွက် စစ်အာဏာရှင်ကို ဦးတည်တိုက်ခိုက်နေကြသည့် အခြားသော အစုအဖွဲ့များထက် အမျိုးသမီး တော်လှန်ရေးသမားများ၏ ပိုမိုခက်ခဲကြမ်းတမ်းသည့် အခြေအနေများနှင့် ရင်ဆိုင်နေကြရသည်ဟု အမျိုးသမီး ခေါင်းဆောင်များက ဆိုသည်။

အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) M2M ၏ ပြန်ကြားရေးတာဝန်ခံ အမ်မရာက “အခက်အခဲလို့မေးရင် ကျနော်တို့ အများကြီးရှိတယ်။ အဓိကကတော့ ဖိုဝါဒ ကြီးစိုးမှုကတော့ လက်ရှိ ကျနော် တို့ တော်လှန်ရေးမှာ တော်တော်ကြုံရတဲ့ အတိုင်းအတာပေါ့။ ကျနော်တို့လိုမျိုး ယဉ်ကျေးမှုအရရော၊ ဓလေ့ထုံးတမ်းတွေရောပေါ့ နော။ ဖိုဝါဒီကြီးစိုးတဲ့ နိုင်ငံတစ်နိုင်ငံမှာ တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်နေတဲ့ ကဏ္ဍကို ကျနော်တို့အနေနဲ့ တသီးတသန့် ဖော်ပြတဲ့ အတိုင်းအတာလည်းရှိပါတယ်။ ဒါကလည်း ဘာလို့လဲ ဆိုရင် ကျနော်တို့ အမျိုး သမီးတွေဆိုရင် ဖိုဝါဒီ ကြီးစိုးတဲ့ နိုင်ငံမှာ တချို့သောဟာတွေဆိုရင် အမျိုးသားတွေရဲ့ နောက်မှာ ရောက်နေရတဲ့ အကြောင်းအရင်းတွေရှိနေလို့ပေါ့နော်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ တော်လှန်ရေးသမိုင်းတလျှောက် အမျိုးသမီးများ ပါဝင်ခဲ့ကြခြင်းကို ဥပက္ခာပြုထား၍ မရဘူးဟု အမ်မရာက ဆက်ပြောသည်။

“သမိုင်းကို ပြန်သွားကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ ၆၂ တစ်ကြိမ် တော်လှန်ရေး ရှိခဲ့တယ်။ ၈၈ မှာလည်းရှိခဲ့ တယ်။ ကြားထဲမှာ ၂၀၁၅ ပညာရေးသပိတ်တွေလည်း ရှိခဲ့တယ်။ ဆိုတော့ အဲဒီလိုမျိုးပြန်ကြည့် မယ်ဆိုလို့ရှိရင် ကျနော်တို့ သမိုင်းအဆက်ဆက်မှာ ကတည်းက တော်လှန်ရေးရဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ ဆိုလို့ရှိရင် ကျနော်တို့ မလျှော့နည်းခဲ့ပါဘူး။ တပ်ဦးကနေပြီးတော့ ဦးဆောင်ခဲ့ ကြတာချည်းပါပဲ။ မဝင်းမော်ဦးက သက် သေပေါ့နော။ အဲဒီတော့ ၂၁ ရာစု လက်ရှိ တော်လှန်ရေးမှာ ဆိုလို့ရှိရင် လည်း အမျိုးသမီးတွေသည် CDM ဆို ရင်လည်း CDM အမျိုးသမီး တွေရှိတယ်။ PDF ထဲမှာဆိုရင်လည်း အမျိုးသမီးတပ်တွေ အများကြီးရှိတယ်။ သပိတ်မှာဆိုရင်လည်း သိသာတယ်ပေါ့နော်။”

နိုင်ငံလူဦးရေ၏ ၅၂ ရာခိုင်နှုန်းကျော်ခန့်အထိရှိသည့် မြန်မာအမျိုးသမီးထုကြီး၏ ဖြစ်တည်ရှိမှုများ၊ ရသင့်သည့် တန်းတူအခွင့်အရေးများရရှိရေး စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေးရင်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အမျိုးသမီးများက ပြောသည်။

နွေဦးတော်လှန်ရေးမှသည် အမျိုးသမီး-အမျိုးသားတန်းတူအခွင့်ရေး ရရှိရေး၊ ခွဲခြားဆက်ဆံမှုများ ရပ်တန့်ရေး၊ အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းမှုနှင့် ဖိနှိပ်ဆက်ဆံမှုများ ရပ်တန့်ရေးအပြင် ဘာသာရေး၊ ဓလေ့ထုံး တမ်းများအရ ခွဲခြားဆက်ဆံမှုများကိုပါ မကျန် တွန်းလှန်သွားကြမည်ဟု ဆိုကြသည်။

နွေဦးတော်လှန်ရေး အောင်မြင်ပြီးနောက် တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်း အမျိုးသမီးများသည် ဦးဆောင်မှု အခန်းကဏ္ဍများတွင် ပိုမိုပါဝင်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံရေးအရ ဆုံးဖြတ်ချက် ချနိုင်သည့် အခန်းကဏ္ဍများတွင် ပါဝင်နိုင်ရေးအပြင် စစ်အာဏာရှင်အမြစ်ပြတ်သွားသကဲ့သို့ မြန်မာလူ့ အဖွဲ့ အစည်းအတွင်း ဖိုဝါဒကြီးစိုးသည့် အတွေအခေါ်များ၊ အပြုအမှုများနှင့် အယူအဆများပါ အမြစ်ပြတ်သွားနိုင် ရေး ကြိုးပမ်းလုပ်ဆောင်ရင်း တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။

ဓါတ်ပုံ – KNDF-b05, KWNO, Myaung Women Warriors, Women Alliance Burma