ပျူစောထီး အဖွဲ့ဝင် တစ်ဦး နေအိမ်တွင် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။

ပျူစောထီးအဖွဲ့ဝင် တစ်ဦး နေအိမ်အတွင်း နေနေစဉ် လူလေးဦး ဆိုင်ကယ်ဖြင့်လာပြီး သေ နတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဇလွတ်ကျေးရွာအုပ်စု ပြင်ကြီးကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးဇော်ဦး အသက် ၄၀ နှစ်သည် စနေနေ့ နံနက်က ပစ်သတ်ခံခဲ့ရသည်။

“သေနတ်ပစ်သံ သုံးလေးချက် ကြားရတယ်။ သိပ်မကြာဘူး သူ့အိမ်ရှေ့က ရပ်ထားတဲ့ ဆိုင်ကယ်တွေ ရွာအပြင် ဘက်ပြန်မောင်းထွက်သွားတယ်” ဟု အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦး က ပြောသည်။

၎င်း၏ နေအိမ်တွင် ရှိနေသည့် ဦးဇော်ဦးကို လူ ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် ခဲ့ခြင်းဖြစ်သည် ဟု ရွာသားများက ပြောသည်။

သေဆုံးသွားသူ ဦးဇော်ဦးသည် ပျူစောထီးခေါင်းဆောင် ဦးလေးလေး၏ တပည့်အရင်းဖြစ်ပြီး ကျေးရွာတွင်း ဓားပြတိုက်မှု၊ နေအိမ်ဖောက်ထွင်းမှု နှင့် လူသတ်မှုများတွင် ကိုယ်တိုင်ကျူးလွန် ပါဝင်ဖူးသူတစ်ဦး ဖြစ်သည်ဟု ရွာသားများက ပြောသည်။