မိုးဗြဲတွင် စစ်ကောင်စီက ပိတ်မိနေသည့် အရပ်သား တစ်ရာခန့်ကို လူသားဒိုင်း လုပ်ထား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်။
တိုက်ပွဲများ ပြင်းထန်နေသည့် ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့တွင် ပိတ်မိနေသည့် ပြည်သူများကို ဓါးစာခံ လူသားဒိုင်းအဖြစ် စစ်တပ်က လုပ်ထားသည်ဟု တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ထံမှ သိရသည်။
စစ်ကောင်စီတပ်အနေဖြင့် တင့်ကားများ အသုံးပြုကာ ၁၂၀-မမ တာဝေး အတွဲလိုက်ပစ်ဒုံးကျည်များ (MLRS- Multi Launch Rocket System) ဆက်တိုက် ပစ်ခတ်နေသောကြောင့် လူနေအိမ်ပျက်စီးမှုများရှိခဲ့သည့် အပြင် မြို့ တွင်းပိတ်မိနေ သည့် ပြည်သူများကိုလည်း ဓါးစာခံလုပ်ထားသည်ဟု နောက်တန်းတွင်ကျန်ခဲ့သည့် မဟာမိတ် ပူး ပေါင်း တပ်ဖွဲ့ဝင်များက ပြောသည်။
“ရှောင်ပါလို့ ခဏခဏပြောနေတာ ရှောင်ပေးလိုက်တာက ကျနော်တို့အတွက် အဆင်ပြေတယ်။ စစ်ရှောင်ရတာ စားဝတ်နေရး ခက်ခဲမှန်း သိတယ်။ ဒါပေမယ့် သည်းခံပေးစေချင်တယ်။ အသက်ပေးတိုက်နေတဲ့ ရဲဘော်တွေနဲ့ စာရင်တော့ ကိုယ်က အဆင်ပြေနေသေးတယ်လေ။ အခုလိုမျိုး ပိတ်မိနေတော့ ရဲဘော်တွေက စွန့်စားပြီး သွား ကယ်ရင် အသက်ပေးရတယ်။ တိုက်မယ်ဆိုရင်လည်း ထိခိုက်မိမှာ စိတ်ပူရတယ်” ဟု မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ ဝင် တစ်ဦးက ပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်း ၁ နာရီ အချိန်မှ စတင်၍ စစ်တပ်က တင့်ကားများ အသုံးပြုကာ ၁၂၀-မမ တာဝေး အတွဲလိုက်ပစ်ဒုံးကျည်များ (MLRS- Multi Launch Rocket System) ပစ်ခတ်နေခြင်း ဖြစ်သည် ဟု သိရသည်။
မိုးဗြဲမြို့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များမှာ ပြီးခဲ့ သည့် စက်တင်ဘာလ ၁၂ ရက်နေ့ကတည်းက အသေအပျောက်များစွာဖြင့် ဆုတ်ခွာသွားခဲ့ပြီးနောက် သာလွန် အင်အားဖြင့် ပြန်လည် ထိုးစစ်ဆင်လာသောကြောင့် ယနေ့အချိန်ထိ တော်လှန်ရေး မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ များနှင့် တိုက်ပွဲများပြင်းထန်နေခြင်း ဖြစ်သည်။
လက်ရှိတွင် မိုးဗြဲမြို့ စက်တော်ရာ ဘုန်းကြီးကျောင်းနှင့် မွေတော်ဘုန်းကြီးကျောင်းတို့တွင် ထွက်မပြေးနိုင်သည့် ပြည်သူ အယောက် ၁၀၀ ခန့် ပိတ်မိနေပြီး ၎င်းတို့ကို စစ်တပ်က ဓါးစာခံ လူသားဒိုင်း အဖြစ် ပြုလုပ်ထားသည်ဟု သိရသည်။
ထို့အပြင် ပိတ်မိနေသူများထဲက အမျိုးသမီးများကလည်း စစ်ကောင်စီတပ်များ၏ စားသောက်ရေးအတွက် ချက်ပြုတ်ပေးနေရသည်ဟု သိရသည်။
“ကျမတို့ တကယ်ခက်ခဲနေလို့ပါ။ တရက်မဟုတ် နှစ်ရက်မဟုတ် ဖြစ်လာတော့ ပြေးဖို့လည်း ပိုက်ဆံက မရှိ တော့ဘူး။ ပြေးလို့ စစ်ရှောင်စခန်း ရောက်ရင်လည်း အရင်လို လှူတဲ့သူ မရှိတော့ဘူးလေ။ ကျမတို့ သေရင် တောင် အသုဘစရိတ် မရှိဘူး။ ပိတ်မိနေတဲ့ ပြည်သူတွေကို နားလည်ပေးစေချင်တာပေါ့နော်” ဟု စက်တင်ဘာ လ ၁၉ ရက်နေ့က မိုးဗြဲမြို့မှ ဖယ်ခုံမြို့သို့ စစ်ရှောင်လာသည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး က ပြော သည်။
မိုးဗြဲမြို့ပေါ်တွင် ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၂ နာရီအချိန်က စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဝင် ရောက်လာသည့် စစ်ကာင်စီတပ်များနှင့် မဟာမိတ်များ အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အသေအပျောက်များနေသော်လည်း တိုက်ပွဲမပြီးသေးသောကြောင့် အတည်မပြုနိုင်သေးဘူးဟု မဟာမိတ် ပူး ပေါင်းတပ်ဖွဲ့များက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ကူများကြောင့် မဟာမိတ် ပူး ပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၃ ဦးကျဆုံးပြီး စိုးရိမ်ဒဏ်ရာရရှိသူ တစ်ဦးရှိသည်ဟု သိရသည်။
ယခု တိုက်ပွဲများပြင်းထန်နေသည့် မိုးဗြဲတိုက်ပွဲတွင် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဝင်များဘက်မှ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကောက် PDF၊ ဒီးမော့ဆို PDF၊ နေပြည်တော် PDF၊ KNDF B03၊ KA၊ KGZ၊ URF (Underground Revolution Force)နှင့် NUG လက်အောက်ခံ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (၁၁၀၇ တပ်ရင်း) တို့ ပူးပေါင်း တိုက် ခိုက်နေခြင်း ဖြစ်သည်ဟု သိရသည်။
မိုးဗြဲမြို့တွင် ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ အထိ တိုက်ပွဲပြင်းထန်လျက်ရှိရာ ပြည်သူများအနေဖြင့် ဘေး လွတ်ရာသို့ စစ်ရှောင်ကြရန်နှင့် စစ်ရှောင်ရာတွင်လည်း မိုးဗြဲလမ်းမကြီးအား အသုံးမပြုကြရန် မိုးဗြဲ PDF အဖွဲ့က ထုတ်ပြန်ထားသည်။
စက်တင်ဘာ ၁၆ ရက်နေ့တုန်းကလည်း မိုးဗြဲမြို့ မွေတော်ဘုန်းကြီးကျောင်းအတွင်း စစ်တပ်က လက်နက်ကြီး နှင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၄ ဦးမှာ သေဆုံးခဲ့ရသည်။ အဆိုပါ မွေတော် ကျောင်းတိုက်အတွင်း ပိတ်မိနေသည့် ပြည်သူများကိုလည်း စစ်တပ်က ခြိမ်းခြောက်စေခိုင်းနေသောကြောင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက စိုးရိမ်နေကြသည်။
မိုးဗြဲမြို့ နေရာအများစုတွင် လတ်တလော ဖုန်းလိုင်းများပါ အဖြတ်ခံထားရခြင်းကြောင့် ယခုရေးသားထားသော သတင်းမှာ နောက်တန်း ပြန်ကြားရေးတပ်ဖွဲ့ဝင်များထံမှ ရရှိသော အချက်အလက်များကိုသာ ရေးသားထား ခြင်း ဖြစ်ပြီး မြေပြင်ရဲဘော်များနှင့် အဆက်အသွယ်ရရှိရန် သတင်းနှင့် မီဒီယာကွန်ယက် (NMG) အနေဖြင့် ကြိုးစား နေဆဲ ဖြစ်သည်။