တက်ကြွလှုပ်ရှားသူများကို ပြည် ထောင်တရားရုံးက ထောင်ဒဏ်များချမှတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။

ပဲခူးတိုင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃ ဦး ကို ပြည် ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ အသီးသီး ချလိုက်သည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ သိရ သည်။

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြစ်ကြသည့် မောင်ဝိုင်း၊ အသက် ၂၇ နှစ်ကို အကြမ်းဖက် ဥပဒေပုဒ်မ အပါအဝင် ၅၀၅-က နှင့် ထောင်ဒဏ် ၈ နှစ်၊ ကိုအောင်ချိုဦး အသက် ၃၇ နှစ်နှင့် ကိုဟိန်းထက်နိုင် အသက် ၂၅ နှစ်တို့ ပုဒ်မ ၅၀၅-က နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ ချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

”တပ်ချင်တဲ့ ပုဒ်မတပ်လိုက်ပြီး ထောင်ချတာပါ။ နိုင်ငံရေး တက်ကြွသူ လက်စလက်နရှိသူတွေကို ပြည် ဒကစ ကနေ တဆင့် နာမည်တပ်ပြီး နေရပ်လိပ်စာအတိုင်း ရဲကိုဖမ်းခိုင်းပြီး ထောင်တွင်း တရားရုံးက တရားသူကြီးက စစ်တပ် ညွှန်ကြားချက်အတိုင်း ထောင်ချပေးကြရတာ” ဟု ထောင်တွင်းတရားရုံးတွင် ရှေ့နေအဖြစ်လိုက်ပါဘူး သူ တရားလွှတ်တော်ရှေ့နေ တဦးက ပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် စစ်ကောင်စီ၏ ထောင်တွင်း တရားရုံးမှ အသက် ၂၇ အရွယ် မောင်ဝိုင်းကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၈ နှစ် အပြင် အခြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နှစ်ဦးကို ထောင်ဒဏ် ၂ နှစ်စီ ချလိုက်ခြင်း ဖြစ်သည်။

ပဲခူးတိုင်း အနောက်၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင် တက်ကြွလှုပ်ရှားသူ ၁၀ ဦး ခန့် ဖမ်းဆီး ခံထားရပြီး အမှုရင်ဆိုင်နေရသူများလည်း ရှိနေသည်ဟု သိရသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထိန်းသိမ်း အရေးယူခံထားရသူများတွင် လုံခြုံရေးတပ်ဖွဲ့များ၏ မှားယွင်းဖမ်းဆီးခြင်း၊ စစ်ကောင်စီ သတင်းပေးများ၏ မလိုမုန်းထားကာ မှားယွင်းသတင်းပေးမှုများကြောင့် အကြောင်းအရင်း ခိုင်ခိုင်မာမာမရှိဘဲ ဖမ်းဆီး အရေးယူခံနေခြင်းများ ရှိသည်ဟု တရားလွတ်တော်ရှေ့နေ တဦး က ပြောသည်။

ဓါတ်ပုံ – RFA