ဘဏ်များ တိုက်ခိုက်မည်ဟု ကြေညာအပြီး ညမထွက်ရ အမိန့် ထပ်ဆင့်ထုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။
ဘဏ်များကို တိုက်ခိုက်မည်ဟူသော သတင်းထွက်ပေါ်ပြီးနောက် ပုသိမ်တွင် ညမထွက်၌ရ အမိန့်ကို ထပ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ည ၁၂ နာရီ မှ နံနက် ၄ နာရီအတွင်း ညမထွက်ရသည့် ကန့်သတ် အမိန့်ကို စက်တင် ဘာလ ၂၂ ရက်နေ့ က ထပ်ဆင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
ရဲဝန်ထမ်း အိမ်ယာရှေ့တွင် မကြာသေးမီက ဗုံးပေါက်ကွဲခဲ့ပြီး ပုသိမ်မြို့ရှိ ကမ္ဘာဇ KBZ ဘဏ်ခွဲ ၄ ခုကို တိုက် ခိုက်မည်ဟု ပုသိမ် မြို့ပြ ပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာလ ၂၁ ရက်နေ့က သတိပေးချက် ထုတ်ပြန်ခဲ့ပြီး နောက် စစ်တပ်က ညမထွက်ရ အမိန့်ကို ထပ်ဆင့် ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ပုသိမ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ပြစ်မူဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄၊ ညမထွက်ရအမိန့် အမှတ် ၅/၂၀၂၂ ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ က သက်တမ်း တိုး ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
အဆိုပါ ထုတ်ပြန်ချက်ကို လိုက်နာခြင်းရှိ မရှိနှင့် တစ်စုံတစ်ရာ ခွင့်ပြုချက် မရှိပါဘဲ ည ၁၂ နာရီ ကျော်လွန်ကာ လမ်းပေါ်တွင် သွားလာနေကြသူများကိုလည်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသည်။
“လူ ၅ ဦးထက်ပိုတဲ့ လူစုဝေးတာ လမ်းလျှောက်တာ၊ စီတန်းလှည့်လည် ဟောပြောတာ၊ ဟစ်အော် ကြွေးကြော် တာ လှုံ့ဆော်တာ ရုန်းရင်းဆန်ခတ် ပြုမူတာတွေ မလုပ်ဖို့လည်း ကြေညာသွားတယ်” ဟု ပုသိမ်မြို့ခံတစ်ဦး က ပြောသည်။
ထိုသို့ ညမထွက်ရ အမိန့်ထုတ်သည့် စက်တင်ဘာ ၂၂ ရက်နေ့ညမှာပဲ လူငယ် ၂ ဦး စစ်တပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး စက်တင်ဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းအချိန်မှာပင် ထောင်တလစီ ချလိုက်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦး က ပြောသည်။
လက်ရှိအခြေအနေတွင် ပုသိမ်မြို့ ရှိ ကမ္ဘောဇ KBZ ဘဏ်ခွဲ ၄ ခုကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက် သွားရန်ရှိသည်ဟု ထုတ်ပြန်ပြီနောက် စစ်ဆေးမှုများ တင်းကြပ်ထားခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကလည်း နေ့ညမပြတ် စောင့်ကြပ်ကာ၊ လုံခြုံရေး ယူပေးထားသည်ဟု သိရ သည်။
ထို့အပြင် ပုသိမ်မြို့အတွင်းရှိ တည်းခိုခန်းများ၊ မိုတယ်များနှင့် ဟိုတယ်များမကျန် ရပ်ကွက်များတွင်လည်း ဌာန ဆိုင်ရာကို ဧည့်စာရင်းကို တင်းတင်းကြပ်ကြပ်စစ်ခိုင်းခြင်း နှင့် ကင်းပုန်းများ ချထားခြင်းတို့ကို လုပ်ဆောင်ထား သည်ဟု ဆက်သိရသည်။