ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဘုန်းကြီးကျောင်းတွင် ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။
စစ်ကောင်စီတပ်ကို ကူညီပေးနေသူ ပျူစောထီးအဖွဲ့ဝင် အမျိုးသား တစ်ဦး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၏ အလှူခံမဏ္ဍပ်အနီး ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ပျူစောထီးအဖွဲ့ဝင် ဦးမြင့်စိန် အသက် ၅၅ နှစ် ကို စက်တင်ဘာလ ၂၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်က လောင်းလုံးမြို့နယ်၊ ကျောက်မတပ်ကျေးရွာနှင့် အောက်ကျောက်ဝပ်ကျေးရွာ အကြား ဇင်းကျောင်း သား ဘုန်းကြီးကျောင်း အလှူခံမဏ္ဍပ်အနီးတွင် အမည်မသိ လူ ၅ ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် အလောင်းကို အဆိုပါမဏ္ဍပ် အတွင်း ထားခဲ့သည် ဟု ရွာသားများက ပြောသည်။
“သေနတ်သံ ၅ချက်လောက် ဆက်တိုက်ပစ်သံကြားရတယ်၊ ခေါင်းနဲ့ မျက်နှာမှာ ဒဏ်ရာတွေတွေ့ရတယ်။ သူ့ကို အရင်က PDFအဖွဲ့ တခုက သတိပေးတာလည်း ခံရဘူးသေးတယ်။ ညနေ ၅ နာရီလောက်မှာ အလောင်းကို အရေးပေါ်ကားနဲ့ သယ်သွားတယ်” ဟု အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦး က ပြောသည်။
ညနေ ၅ နာရီအချိန်ခန့်မှ ဦးမြင့်စိန်၏ ရုပ်အလောင်းကို အရေးပေါ်တင်ကားနှင့် သယ်သွားသည်ဟု ဒေသခံရွာ သားများက ပြောသည်။
သေဆုံးသူ ဦးမြင့်စိန်သည် ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့များ နှင့် ပျူစောထီးအဖွဲ့များ ရောက်ရှိလာပါက ၎င်း၏ ကားဖြင့် လမ်းပြပေးခြင်းနှင့် သယ်ယူပို့ဆောင်ပေးခြင်းများ ပြုလုပ်ပေးနေသူ ဖြစ်သည်ဟု ရွာသားများက ပြောသည်။
ဦးမြင့်စိန်သည် လောင်းလုံးမြို့နယ် ပျူစောထီးခေါင်းဆောင်၏ တပည့်လည်း ဖြစ်သည်ဟု သိရသည်။
ပျူစောထီးအဖွဲ့ဝင် ဦးမြင့်စိန်ကို လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ပစ်သတ်ခဲ့ခြင်း ဖြစ် သည်ဟု စက်တင်ဘာလ ၂၃ ရက်နေ့၊ နေ့လည်ပိုင်း အချိန်တွင် LLPDF အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ဒေါက်တိုင်အဖြစ် လုပ်ဆောင် ပေးနေမှုများအပေါ် ရပ်တန့်ရန် ၎င်းကို PDF အဖွဲ့များက အကြိမ် ကြိမ် သတိပေးထားသော်လည်း ဆက်လက် လုပ်ကိုင်နေသည့်အတွက် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းရခြင်း ဖြစ် သည်ဟု LLPDF အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
လောင်းလုံး မြို့နယ်အတွင်း လာမည့် အောက်တိုဘာလ ၉ ရက်နေ့မှ စတင်၍ အလှူပွဲ၊ မင်္ဂလာပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ ပွဲ လမ်းသဘင်များ မပြုလုပ်ကြရန်လည်း ဒေသခံ PDF အဖွဲ့ ၂ ဖွဲ့ က အသိပေး မေတ္တာရပ်ခံထားသည်ဟု သိရသည်။