ပြည်သူ့စစ် ဒု-ခေါင်းဆောင် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။

သထုံမြို့နယ်အတွင်းတွင် ပြည်သူ့စစ်အဖွဲ့၏ ဒု-ခေါင်းဆောင် ဦးစိုးဝင်း ဆိုသူ ကြာသပတေးနေ့က ပစ်သတ်ခံ လိုက်ရသည်။

စစ်ကောင်စီ လက်အောက်ခံ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာက ပြည်သူ့စစ်အဖွဲ့၏ ဒု-ခေါင်းဆောင် ဦးစိုးဝင်းသည် စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၇ နာရီခွဲ ဝန်းကျင်အချိန်ခန့်က ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က တာဝန်ရှိသူတစ်ဦးက ”ဒေးဗရိန်းကျေးရွာမှ စစ်ကောင်စီ လက် အောက်ခံ ပျူစောထီးခေါင်းဆောင် PDF တွေကို ချေမှုန်းပြမယ်လို့ဟ ကြွေးကြော်နေတဲ့ ဒေးဗရိန်းဖိုးထောင်(ခ) စိုးဝင်းကို လက်ဖက်ရည်ဆိုင်ထိုင်နေချိန် သထုံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) က နန်း‌ထိုက်အောင် စစ်ဆင် ရေး အနေနဲ့ ရှင်းလင်းခဲ့ပါတယ်” ဟု ထုတ်ပြန်ပြောဆိုလိုက်သည်။

ဒေးဗရိန်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဥ် သေနတ်သမားအချို့က လာရောက် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်ဟုလည်း ဒေသခံတို့က ပြောပြသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ပြည်သူ့စစ်အဖွဲ့ ဒု-ခေါင်းဆောင် ဦးစိုးဝင်းသည် ဦးခေါင်းဒဏ်ရာဖြင့် အခင်း ဖြစ်ပွားသည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ပြည်သူ့စစ်အဖွဲ့၏ ဒု-ခေါင်းဆောင် ဦးစိုးဝင်းကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ပြည်သူ့စစ်အဖွဲ့ ဒု-ခေါင်းဆောင် ဦးစိုးဝင်းသည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ဒေသခံပြည်သူလူထုနှင့် အကြပ်ကိုင်ကာ PDF များကို ချေးမှုန်းပြမည်ဆိုပြီး လုပ်နေသောကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ခြင်း ဖြစ်သည်ဟု လည်း ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၉ ရက်နေ့တွင် သေဆုံးသွားသည့် ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုးဝင်းထံမှ ပျူစောထီး အဖွဲ့ဝင် များ၏ စာရင်းများ၊ စာရွက်စာတမ်းများနှင့် ခြောက်လုံးပြူး သေနတ် တစ်လက် တို့ကိုလည်း သိမ်းဆည်းရမိ ထား သည်ဟု သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သထုံမြို့နယ်အတွင်းရှိ စစ်ကောင်စီသတင်းပေးများ၊ ဒလန်များ၊ စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ ပစ်ခတ် ရှင်း လင်းလေ့ ရှိသည်။