ပျောက်ဆုံးနေသော မိုးဗြဲ PDF သုံးဦး၏ အလောင်းများပြန်တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်.

တိုက်ပွဲအတွင်း ပျောက်ဆုံးနေသည့် မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (မိုးဗြဲ PDF) က ရဲဘော် ၃ ဦး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိပြီဟု မဟာမိတ်ပူပေါင်းတပ်ဖွဲ့ဝင်များက ပြောသည်။

မိုးဗြဲမြို့၊ လွယ်ရင်းမင်္ဂလာကျေးရွာ၊ ကာလဝါရီတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များအား တော် လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်သည့် တိုက်ပွဲတွင် ပျောက်ဆုံးနေခဲ့သော မိုးဗြဲ PDF ရဲဘော် ၃ ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မိုးဗြဲ PDF ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက “အဲဒီတုန်းက စစ်ရေးအခြေနေက တင်းမာနေတုန်းဆိုတော့ ရှာလို့ မရဘူးပေါ့နော်။ စစ်တပ်တွေက နောက်ပိုင်း လောက်မှာ ရုပ်အလောင်းတွေကြားကနေ ပြန်ဆုတ်သွားတဲ့ အနေ အထားရှိတော့ ပြန်ရှင်းလင်းရေး လုပ်ပြီးတော့ ပြန်ရှာတွေ့ခဲ့တာပါ” ဟု ပြောသည်။

မိုးဗြဲ PDF ရဲဘော် ၃ ဦးမှာ တိုက်ပွဲဖြစ်ပွားသည့် စက်တင်ဘာလ ၂၃ ရက်နေ့ည ကတည်းက ပျောက်ဆုံးသွားခြင်း ဖြစ်ပြီး ၆ ရက်ကြာပြီးနောက် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် လွယ်ရင်းမင်္ဂလာကျေးရွာရှိ နေအိမ် တစ်အိမ်၏ ရေတွင်းပျက်ထဲတွင် တွေ့ရှိခဲ့ပြီးနောက် မဟာမိတ်ပူးပေါင်းတပ်များ အကူအညီဖြင့် ဆယ်ယူနိုင်ခဲ့ သည်ဟု မိုးဗြဲ PDF တာဝန်ရှိသူများက ပြောသည်။

သေဆုံးနေသည့် ရဲဘော် ၃ ဦးမှာ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်လေးများဖြစ်ပြီး ထို ၃ ဦးအနက် ၂ ဦးမှာ မိုးဗြဲ PDF လင်းယုန်တပ်ခွဲမှဖြစ်ပြီး ကျန်တစ်ဦးမှာ သိန်းငှက်တပ်ခွဲမှ ဖြစ်သည်ဟု သိရသည်။

မိုးဗြဲ PDF မှ သေဆုံးသွားသည့် ရဲဘော် ၃ ဦး၏ ရုပ်အလောင်းများကို ပြန်စစ်ဆေးရာတွင် ရဲဘော် ၂ ဦးမှာ စစ်သားများ၏ ပစ်ခတ်မှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယူဆရကြောင်း တာဝန်ရှိသူများက ဆိုသည်။

သို့သော် ကျန်ရဲဘော်တစ်ဦးမှာ ပေါင်ခြံတွင် သေနတ်ဒဏ်ရာ တစ်ချက်နှင့် ရိုက်နှက်ဒဏ်ရာများတွေ့ ရှိရသော ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မသေမချင်းနှိပ်စက်ပြီးမှ သေဆုံးသွားခြင်း ဖြစ်နိုင်သည်ဟု ယူဆနိုင် ကြောင်း မိုးဗြဲ လင်းယုန်တပ်ခွဲမှ တာဝန်ရှိသူများက ပြောသည်။

ထိုသို့ သေဆုံးပြီးသည့်နောက်တွင် ရုပ်အလောင်းများကို လွယ်ရင်းမင်္ဂလာကျေးရွာရှိ နေအိမ်တစ်ခု၏ ရေတွင်း ပျက်ထဲ ပစ်ချကာ အဝတ်အစားများ၊ ငှက်ပျောပင်များဖြင့်ဖုံးကာ လက်စဖျောက်ထားခဲ့ခြင်း ဖြစ်သည်ဟု မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက ပြောသည်။

မိုးဗြဲ PDF ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက “ကြာလည်းကြာပြီဆိုတော့လေ လတ်တလောတော့ ဒီအတိုင်းပဲ ရှိထားတဲ့ သုဿန်နားမှာ မြေချတာလောက်ပဲ လုပ်ရသေးတယ်” ဟု ပြောသည်။

မိုးဗြဲမြို့တွင် စက်တင်ဘာလ ၂၄ ရက်နေ့ကတည်းက တိုက်ပွဲများ ငြိမ်သက်သွားပြီဖြစ်သော်လည်း စစ်တပ်ဖက် က တပ်ဆုတ်သွားသည့် အနေအထားမျိုး မဟုတ်ပဲ တဖက်နှင့် တဖက် စစ်ရေးအခြေအနေ စောင့်ကြည့်နေသည့် အနေအထားဖြစ်သည်ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်များက ပြောသည်။

မိုးဗြဲမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဝင်များဘက်မှ မိုးဗြဲ PDF (၁၀၀၁၊ ၁၀၀၇)၊ ဖယ်ခုံ PDF၊ လွိုင်ကောက် PDFဈ ဒီးမော့ဆို PDF (၁၁၀၁)၊ နေပြည်တော် PDF၊ KNDF B03၊ KA၊ KGZ၊ URF (Underground Revolution Force)နှင့် NUG လက်အောက်ခံ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ ခုခံတိုက်ခိုက်နေကြခြင်း ဖြစ်သည်ဟု သိရသည်။

မိုးဗြဲမြို့တိုက်ပွဲအတွင်း လက်ရှိချိန်အထိ မဟာမိတ်ပူးပေါင်းတပ်များဘက်က ၉ ဦးကျဆုံးပြီး စစ်ကောင်စီတပ် ဘက်က ၁၀၀ ကျော်ခန့် ကျဆုံးနိုင်သည်ဟု မိုးဗြဲ PDF ၏ ထုတ်ပြန်ချက်များအရ သိရသည်။