စစ်ကောင်စီတပ်ကို တနင်္သာရီတွင် PDF ပူးပေါင်းတပ်များ တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်။

နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုး ရောက်ရှိ လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေ၊ ၃ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ ခလရ ၄၃၁ တပ်ရင်းတပ်ဖွဲ့ဝင်များကို မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအနီးတွင် မြိတ်ခရိုင် PDF တပ်ရင်း-၂၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ SWDF အဖွဲ့တို့က ပူးပေါင်းတိုက် ခိုက်ခဲ့ရာ ၂ ရက်အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဘက်မလိုက်ပျောက်ကျား တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စက်တင်ဘာ လ ၂၉ ရက်နေ့၊ နံနက် ၈ နာရီ ၄၅ မိနစ် အချိန်ခန့်က စတင် တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်
သား ၅ ဦး သေဆုံးပြီး ၃ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားသည်ဟု ဒေသခံများက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒေသဆုံး ဒဏ်ရာ ရရှိသူများ ရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များဘက်က ထိခိုက်ဒဏ်ရာရသူ မရှိဘူးဟု သိရသည်။

လက်ရှိတွင် ဘန်လောကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားပြီး စက်တင်ဘာလ ၃၀ ရက်နေ့၊ မွန်းလွဲ ၃ နာရီ အချိန်အထိ လက်နက်ကြီးများနှင့် နေ့ရော ညပါ အဆက်မပြတ် ပစ်ခတ်နေသေးသည်ဟု ဒေသခံများက ဆိုသည်။

မြိတ်ဘက်မှ ဘန်လောကျေးရွာဘက်ဆီသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလ ၂၈ ရက်နေ့၊ ညနေ ၅ နာရီ အချိန်ခန့်က တနင်္သာရီမြို့ ချောင်းတဘက်ကမ်းရှိ ဗောဓိကမ်းကျေးရွာသို့ လက်နက်ကြီး /ငယ်များနှင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု တနင်္သာရီမြို့ခံများက ပြောသည်။

“ဒီရက်ပိုင်း မိုးတွေက အဆက်မပြတ်ရွာနေတာ။ မထင်မှတ်ပဲ ပြေးလွှားကြရတာဆိုတော့ အတော်လေး ဒုက္ခ ရောက်နေကြတယ်။ လူကြီးပိုင်းတွေ ပိုဆိုးတာပေါ့” ဟု အသက် ၅၀ အရွယ် ဘန်လောရွာသားတစ်ဦးက
ဆိုသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဘန်လော၊ ကျောက်မော်၊ ဗောဓိကမ်းနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံ သုံးရာကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံများကပြောသည်။

ထိုသို့ တိမ်းရှောင် ထွက်ပြေးနေကြရသည့် ရက်များအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေမှုများကြောင့် အသက် ကြီးပိုင်းများနှင့် ကလေးသူငယ်များ အတွက် ကျန်းမာရေးပိုင်း စိုးရိမ်နေကြရပြီး အမိုးအကာ၊ အစားအသောက်၊ ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေသည့်အတွက် အကူအညီပေးနိုင်မည့် အဖွဲ့အစည်းများကို မျှော်လင့် နေကြရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စက်တင်ဘာ ၃၀ ရက်နေ့၊ နံနက် ၇ နာရီခွဲ အချိန်ခန့်မှစတင်၍ မွန်းလွဲပိုင်း အချိန်ထိ ညောင်ပင်ကွင်း ကျေးရွာ စစ်ကောင်စီအခြေစိုက် ခလရ – ၅၆၁ တပ်ရင်းမှ ထုံမခါကျေးရွာနှင့် သကျက်ခြောက်မိုင်ကျေးရွာများ ဘက်သို့ PDF တပ်ဖွဲ့ဝင်များ ရှိနေနိုင်သည် အထင်ဖြင့် လက်နက်ကြီးများ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်နေ ခြင်း ဖြစ်သည်။

ထို့ကြောင့် အဆိုပါ ကျေးရွာမှ ရွာသူ/သားများမှာ ကြောက်လန့် ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသေးသည် ဟု သိရသည်။

ဗောဓိကမ်းကျေးရွာသည် တနင်္သာရီမြို့၏ ချောင်းတဘက်ကမ်းတွင် တည်ရှိပြီး ဘန်လောကျေးရွာသည်
တနင်္သာရီမြို့နှင့် ၂ မိုင်ခွဲခန့်သာ ကွာဝေးသည်ဟု ဒေသခံများက ဆိုသည်။