စစ်ရှောင်များ ဆေးဝါးလိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်.
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။
ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေတစ်ခုရှိ စစ်ဘေးရှောင် အများစု သည် နာမကျန်း ဖြစ်နေသည့်အတွက် ကုသရန်အတွက် ဆေးဝါးအကူအညီများ လိုအပ်နေသည်ဟု စစ်ဘေး ရှောင်များကို အကူအညီပေးနေသူများ က ပြောသည်။
စစ်ရေးပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်များရှိ စစ်ဘေး ရှောင်များမှာ ရာသီတုပ်ကွေးနှင့် ငှက်ဖျား ရောဂါဖြစ်ပွားသူ ပိုမိုများပြားလာပြီး ကုသပေးရန် ဆေးဝါးအကူအညီ များ လိုအပ်နေသည်ဟု ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာ အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ကျနော်တို့လူမှုရေးအဖွဲ့တွေ လိုက်ပြီးတော့ ကြည့်နေတာ အခုတစ်ခါပြန်ပြီးတော့ ဒီကျန်းမာရေးပေါ့နော ဖျား တာတွေ တော်တော်များများရှိတယ်။ အခုအချိန်မှာ သူတို့ လည်ချောင်းနာတာတွေ ပြီးတော့ အဖျားတက်တာ တွေပေါ့။ အဲ့လိုများတယ်။ ပြီးတော့ ငှက်ဖျားလည်းပါမယ်။ အဲဒါတွေ စစ်မယ်ဆိုရင် ငှက်ဖျားပိုးလည်း ပါမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခုကာလကြီးကလည်း ခြင်တွေ ဘာတွေ ကိုက်တယ်လေ။ ပြီးတော့ တောင်ပေါ် ဒေသ တွေမှာ သွားခိုလှုံတာ အဲဒီမှာ စစ်ရှောင်တွေလည်း အများကြီးရှိတယ်လေ။ အခုတလော လက်တလောမှာ ပြန် ဖြစ်တာ။ ဒီကာလကြီးဆိုတော့ ဆေးဝါး အကူအညီလိုတယ်။”
နာမကျန်းဖြစ်နေသူများကို စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားများက ရှိသည့် ဆေးဝါးများဖြင့် ကူညီ ကုသ ပေးနေသော်လည်း ဆေးဝါးလုံလောက်မှုမရှိပဲ အကူအညီများလိုအပ်နေသည်ဟု ဆိုသည်။
ထို့အပြင် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး စစ်ရေး ပဋိပက္ခများကြောင့်လည်း လိုအပ်သည့် ဆေးဝါးများကို ဝယ်ယူရန်နှင့် သယ်ယူနိုင်ရန် အခက်အခဲများစွာရှိသည်ဟု ညောင်လေးပင်ခရိုင် ကရင့်လူမှုရေးရာ တာဝန်ရှိသူ က ဆက်ပြောသည်။
“အခုလက်ရှိ အခြေအနေကလည်း ဆေးဝါးတွေ ဝယ်တာလည်း အခက်အခဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေး ဝါးအများကြီးသယ်လို့ အဆင်မပြေတဲ့ အနေအထားမှာရှိတယ်။ ပြည်တွင်းမှာ လာပြီးတော့ ကူတဲ့ ဆေးဝါးတွေ သယ်တာလည်း ဥပမာ ရန်ကုန်မှာဆိုရင် ကျနော်တို့ လိုင်းကားနဲ့ တခါတည်း အရောက်လည်း သူတို့ မသယ်နိုင် ဘူး မသယ်ရဲဘူးလေ။ ဆိုတော့ လျို့ဝှက်တဲ့ လုံခြုံတဲ့ နေရာတစ်ခုခုမှာ ထားပြီးတော့ လာယူနေရတယ်။ တဆင့် ပြီးတဆင့် အဲလိုသွားနေရတဲ့ အခြေအနေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တံတားတွေဘာတွေ မြို့တစ်မြို့ တစ် မြို့အဝင်မှာ အဲလို စစ်ဆေးရေးတွေရှိတယ်။ ဆေးဝါးတွေဘာတွေလည်း သူတို့ များများစားစား မသယ်ရဲဘူး နည်းနည်းစီ နည်းနည်းစီ အဲလိုပဲ ဝယ်ပြီးတော့ သွားနေရတာ”
လက်ရှိတွင် ညောင်လေးပင်ခရိုင်အတွင်းက စစ်ဘေးရှောင်များအတွက် ဆေးဝါးများအပြင် စားနပ်ရိက္ခာ အကူ အညီလည်း များစွာ လိုအပ်နေသည့်အတွက် ပြည်တွင်းပြည်ပရှိ နိုင်ငံသားများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကူညီပေးရန် စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက တောင်းဆိုနေကြသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် စစ်ရေးပဋိပက္ခများကြောင့် ဒေသခံများမှာ စစ်ဘေး လွတ် ရာ တောတောင်များထဲ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာ ရေး၊ လူမှုရေး အစစအရာရာတွင် အခက်အခဲများ ကြုံတွေ့နေကြရပြီး အဖက်ဖက်မှ အကူအညီများလိုအပ် နေ သည်ဟု စစ်ဘေးရှောင်များနှင့် အကူအညီပေးနေသူများ က ပြောသည်။
ဓါတ်ပုံ – KNU (ညောင်လေးပင်ခရိုင်အတွင်းမှ စစ်ရှောင်များ)