စစ်ကောင်စီ တပ်သားများအား ဒရုန်းဖြင့် တိုက်ခိုက်၊ ပျူစောထီး ၂ ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။
စစ်ကောင်စီတပ်သားများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြိုင်မြို့နယ်တွင် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က ပြောသည်။
မကွေးတိုင်း မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ် အစပ်တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့ဝင်များကို စက်တင်ဘာလ ၅ ရက်နေ့၊ မွန်းလွှဲပိုင်းက မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“စစ်သားနဲ့ ပျူစောထီးတွေ ၈ ယောက်လောက် စစ်ဆေးရေး လုပ်နေတာ။ ကျနော်တို့ လက်လုပ် အီနာဂါ သုံးလုံး ပစ်ချပြီး တိုက်ခိုက်ခဲ့တာပါ” ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကန်တော်ကျေးရွာနှင့် ကန်မကျေးရွာကြားတွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ချိန်တွင် ပျူစောထီးများ ရှိနေသည့် ကားပေါ်ကို ဗုံးပြုတ်ကျ ပေါက်ကွဲခဲ့ခြင်း ကြောင့် ပျူစောထီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်ဟု ကာကွယ်ရေး တပ်ဖွဲ့က ပြောသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ရှိနေသည့်နေရာများသို့ သွားလာမှုများ မလုပ်ကြရန်လည်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံ သတိပေးထားသည်။
ဓါတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် – မြိုင်မြို့နယ်