ရောင်နီအလာကို မျှော်လင့်ရုန်းကန်နေဆဲ CDM သူရဲကောင်းများ

ဝေဟင်စိုး

သတင်းနှင့် မီဒီယာ ကွန်ရက်အတွက် ရေးသားသည်။

“ ပြည်သူ့အစိုးရတက်လာမှ ပြန်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ခိုင်မာပြီးသားဘဲလေ။ ကျွန်မတို့ ပြည်သူ့အစိုးရအုပ်ချုပ်တဲ့ခေတ်မှာ ဂုဏ်ရှိစွာနဲ့ ရုန်းထွက်ခဲ့ရတဲ့ ပြည်သူ့ဝန်ထမ်းဘဝကို ပြန်လိုချင်ပါသေးတယ်။ ကျွန်မတို့ကတော့ လုပ်နိုင်တဲ့ ဘက်က အတတ်နိုင်ဆုံး လုပ်ခဲ့ပြီးတော့ အခုအချိန်အထိ တောင့်ခံထားပေးနေပါတယ်။ တော်လှန်ရေးအမြန်အောင်မြင်တဲ့အထိ တောင့်ခံနေကြဆဲပါ” ဟု CDM အမျိုးသမီးတစ်ဦးက သူ၏ ဆုံးဖြတ်ချက်အပေါ် ပြတ်သားစွာပြောသည်။

ပြည်သူ့အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာနတွင် လုပ်ကိုင်ခဲ့ပြီးနောက် စစ်အာဏာသိမ်းမှုအပေါ် မလိုလား၍ တော်လှန်ရေး စတင်ချိန်တွင် ပြည်သူ့ဘက်မှ ရပ်တည်မည်ဆိုသော ဆုံးဖြတ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်လာခဲ့သော မသော်သော် (အမည်လွဲ) က သူမ၏ ရပ်တည်ချက်ကို ဖွင့်ဟပြောဆိုခြင်းဖြစ်သည်။

တိုင်းပြည်အာဏာကို ကိုယ်ပိုင်ပစ္စည်းသဖွယ် ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးပြ သိမ်းယူခဲ့ကြသည့် စစ်တပ်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး မဲမသာမှုပြုလုပ်သည်ဆိုသော အကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာထပ်မံ သိမ်းယူခဲ့ပြန်သည်။ တစ်ချိန်တည်းတွင် စစ်ကောင်စီအား အထိနာစေခဲ့သည့် လှုပ်ရှားမှုတစ်ခုလည်း တစ်ပြိုင်တည်း ပေါ်ပေါက်လာခဲ့သည်။ ယင်းသည် လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု ခေါ် Civil DisobedienceMovement-CDM လှုပ်ရှားမှုဖြစ်သည်။ ပြည်သူ့ဝန်ထမ်းများ၏ အင်တိုက်အားတိုက် CDM လှုပ်ရှားမှုကြောင့် စစ်ခေါင်းဆောင်များ၏ အုပ်ချုပ်ရေး မဏ္ဍိုင်မှာ ပြိုလဲခဲ့ရသည်။

ထို့ကြောင့် စစ်အာဏာသိမ်းပြီး နှစ်နှစ် ပြည့်လုအချိန်အထိ တော်လှန်ရေးအချိန်ကြာလာသည်ဟု ဆိုရမည်နှင့်အမျှ CDM လှုပ်ရှားမှုတွင် ပါဝင်နေသော သူရဲကောင်း ပြည်သူ့ဝန်ထမ်းများဘ၀ မည်သို့ ရပ်တည်နေကြသနည်း။ မည်သည့် အခက်အခဲများဖြင့် ရင်ဆိုင်နေကြသနည်း ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ အချို့သော CDM ဝန်ထမ်းများ အဆုံးသတ်အထိ ဆက်လက်တောင့်ခံသွားမည်ဟု ပြတ်သားစွာ ပြောဆိုလင့်ကစား ၎င်းတို့ နိစ္စဓူ၀ ရင်ဆိုင်နေကြရသည့် စားဝတ်နေရေး အခက်အခဲများကား မလွယ်ကူလှပေ။

ရုံးမတက်ဘဲ ရုန်းထွက်လာကြသည့် CDM ဝန်ထမ်းအချို့မှာ ဈေးရောင်းသူရောင်း၊ နေ့စားအလုပ်ကြမ်းသမားဘဝဖြင့် ကြုံသလိုဖြတ်သန်း နေကြရသည်။ အချို့သောသူများသည်လည်း လွတ်မြောက်နယ်မြေများတွင် စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် တော်လှန်ရေး၏ အခန်းကဏ္ဍအသီးသီးတွင် နိုင်ရာဝန်ကို တာဝန်ယူဆောင်ရွက်နေကြသည်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတစ်ခုဖြစ်သည့် CDM တွင် ပထမဦးဆုံးပါဝင်သူများသည် ကျန်းမာရေးဝန်ထမ်းများဖြစ်သည်။ ဒုတိယအနေဖြင့် ပညာရေးဝန်ထမ်းများပါဝင်ခဲ့သည်။ တတိယအဖြင့် မီးရထားဝန်ထမ်းများပါဝင်ခဲ့သည်။ ထို့နောက်တွင် တရားရေးဝန်ထမ်းနှင့် အခြားဝန်ကြီးဋ္ဌာနပေါင်းစုံဝန်ထမ်းများ အသီးသီး ပါဝင်လာခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီအတွက် အဆိုးဝါးဆုံးမှာ စစ်သားနှင့် ရဲများပါ CDM တွင် ထပ်မံပူပေါင်းလာခဲ့ခြင်းသည် စစ်ခေါင်းဆောင်များအတွက် ပို၍ အထိနာစေခဲ့သည်။

“ကျွန်တော်တို့ တပ်ထဲမှာ မနက် PT ပြေးချိန် “ ဘယ်သူ့အတွက်လဲ ပြည်သူ့အတွက်၊ ဘာစစ်သားလဲ ပြည်သူ့စစ်သား” ဆိုတဲ့ ဆောင်ပုဒ်အော်ဆိုပြီး ကျခဲ့တဲ့ ချွေးတွေအလကားဖြစ်ကုန်ပြီ။ “ဘာစိတ်ဓာတ်လဲ သံမဏိစိတ်ဓာတ်” ဆိုတဲ့ ကြွေးကြော်သံကလည်း အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူကို ပစ်ခတ်ဖြိုခွင်းနေတဲ့ မြင်ကွင်းကြောင့် ဖယောင်းလိုပျော့ပြောင်းခဲ့ရပြီ။ အခြားသူတွေမသိအောင် ကြိတ်ငိုခဲ့ရတဲ့ ရက်တွေလည်း များခဲ့ရပြီ။” ဟု CDM ပြုလုပ်၍ ပြည်သူ့ရင်ခွင် ခိုလှုံနေသည့် ပြည်သူ့စစ်သားတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ CDM လုပ်၍ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သည့်အပေါ် မည်သည့်အကြောင်းကြောင့်မျှ နောင်တရစရာမရှိ ဟုလည်း သူ့၏ ရပ်တည်ချက်အပေါ်ပြောသည်။ လက်ရှိအချိန်တွင် CDM လှုပ်ရှားမှုသည် စစ်ကောင်စီအတွက် အထိနာနေဆဲ ပြည်သူ့လှုပ်ရှားမှုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။

လက်ရှိအချိန်တွင် CDM ပြုလုပ်ထားသူများသည် ပုန်းရှိုးကွယ်ရှိုးနေထိုင်ကြရပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေကြသည့် အခက်အခဲ များရှိနေသော် လည်း တော်လှန်ရေးအောင်မြင်စွာပြီးဆုံးချိန်အထိ ရေကုန်ရေခမ်းတောင့်ခံထား မည်ဖြစ်ကြောင်း CDM ပညာရေး ဝန်ထမ်းတစ်ဦးကလည်း ဆိုသည်။

“ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ တစ်ခါတလေ အဆင်မပြေတာမျိုးတွေရှိနေရင်တောင် ခေါင်းငံ့ုခံရတယ်။ အချို့ဆို မင်းဘာဆိုတာ သိတယ်နော် ဆိုတဲ့သဘောနဲ့ ခြိမ်းခြောက်ခံရတာမျိုးတောင်ရှိတယ်။ တစ်ခါ တခါစဉ်းစားမိတယ်။ CDM လုပ်တာဟာ ရာဇဝတ်မှု မြောက်သလားပေါ့။ လုပ်ငန်းခွင်ပြန်မဝင်လို့လည်း အထုတ်ခံထားရပြီ။ စားဝတ်နေရေးအတွက် နောက်အလုပ်တစ်ခုလည်း လုပ်နေပြီ။ ဒါကို မကြားတကြားနဲ့ ခြိမ်းခြောက်တဲ့ ပုံစံမျိုးတွေခံရတယ်။ လက်ရှိမှာ CDM သမားတွေ ဘယ်လိုရင်ဆိုင်နေရလဲဆိုရင် အားလုံးကို ကြောက်နေရတယ်။ ဘယ်သူမှကူကယ်ဖို့ဝေး ကိုယ်ဖြစ်ရင် ကိုယ်ခံရမယ်ဆိုတဲ့ အခြေအနေပေါ့။ CDM သမားတွေ လက်ရှိမှာ အရာရာ မျက်နှာငယ်ရတယ်။ ဘယ်သူအစောင့်အရှောက်အောက်မှာကို ရှိမနေတာ။ ဒါပေမယ့် ကိုယ်လျှောက်ခဲ့တဲ့လမ်း အဆုံးထိတော့ တောင့်ခံထားဦးတယ်။” ဟု ရင်ဖွင့်ပြောဆိုသည်။

နွေဦးတော်လှန်ရေးစတင်ချိန်တွင် CDM ပြုလုပ်သူများကို စစ်ကောင်စီက ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ စစ်တပ်နှင့် ရဲအင်အားသုံး၍ ဝန်ထမ်းအိမ်ယာများမှ အတင်းအကြပ် ဖယ်ရှားခိုင်းခြင်းများကြောင့် နောက်ခံတောင့်တင်းသူများအဖို့ ပြဿနာမရှိသော်လည်း နေစရာအိမ်မရှိသူများအဖို့ ဆွေမျိုးသားချင်းများအိမ်တွင် ခတ္တခိုလှုံရခြင်း၊ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် နေထိုင်ရခြင်းများကြုံခဲ့ကြသည်။

ယင်းအပေါ် အမျိုးသားညီညွှတ်ရေးအစိုးရက အာဏာသုံး၍ ဖယ်ရှားခိုင်းသူများကို မှတ်တမ်းပြုစု၍ လိုအပ်သာအရေးယူမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်းနှင့် CDM ဝန်ထမ်းများကို ပြည်သူလူထုက ဝိုင်းဝန်းကူညီစောင့်ရှောက်ကြရန်မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ဒုတိယပတ်အတွင်း ထုတ်ပြန်ထားဖူးသည်။

သို့သော် တော်လှန်ရေးကြာမြင့်လာသည်နှင့်အမျှ ကုန်ဈေးနှုန်း၊ စက်သုံးဆီဈေနှုန်းများမြင့်တက်လာခြင်းအပြင် နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ပြည်တွင်းမှ တစ်ဖြည်ဖြည်း ထွက်ခွာသွားသည့်အတွက် အလုပ်အကိုင်ရှားပါးမှုများကိုပါ ထပ်ဆင့်ကြုံခဲ့ပြီးနောက် စားဝတ်နေရေးခက်ခဲလာကြရာ CDM ဝန်ထမ်းများအတွက် အထောက်အကူများပေးနိုင်ခြင်းမျိုးမရှိတော့ပေ။

“ကိုယ်ယုံကြည်ရာကို လျှောက်ခဲ့ပြီးပြီဘဲ။ ဘယ်သူကိုမှလည်း ဒုက္ခတွေမပေးချင်ပါဘူး။ ဝန်ထမ်းလိုင်းခန်းကနေ ဖယ်လိုက်ပြီး နောက်နေစရာမရှိလို့ ပထမ ရထားသံလမ်းဘေးမှာ တဲထိုးပြီးနေတယ်။ ရက်ကွက်တစ်ကာ လှည့်ပြီး ပလုံလိုက်ကောက်တယ်။ ကန်စွန်းရွက်ခူးပြီး ပြန်ရောင်းတယ်။ အခုတော့ ဂိုဒေါင်တစ်ခုမှာ ညစောင့်လုပ်တယ်။ ပိုင်ရှင်လုပ်တဲ့သူက သနားပြီး ဂိုဒေါင်ဝန်းထဲမှာ တဲထိုးပြီးနေခိုင်းလို့ အဆင်ပြေပါတယ်။ ဘယ်သူ့မှလည်း ဒုက္ခမပေးချင်ဘူး။ ဘာမှလည်းမမျှော်လင့်ဘူး။ ပြည်သူ့အစိုးရ ပြန်လာတဲ့အခါကျရင် ကိုယ့်အလုပ်ကိုယ်ပြန်ပေးရင်ကို ကျေနပ်ပါပြီ။ ဒီယုန်မြင်လို့ ဒီခြုံထွင်ခဲ့တာမှမဟုတ်တာ။ ကိုယ့်လမ်းကိုယ်ဖောက်ပြီး နိုင်တဲ့ဘက်က လုပ်ပေးတာမျိုးပါ။” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ မီးရထား CDM ဝန်ထမ်းတစ်ဦးကလည်း ဆိုသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌာနကလည်း လက်ရှိအချိန် CDM မပြုလုပ်ဘဲ စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ဝန်ကြီးဋ္ဌာနထိပ်တန်းအရာရှိများကို CDM ဝင်ရောက်ရန် နောက်ဆုံးသတိပေးထားပြီး၊ CDM မပြုလုပ်ပါက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမည်ဖြစ်သလို ဖမ်းဝရမ်းထုတ်သွားမည်ဟု ယင်းဝန်ကြီးဋ္ဌာနဝန်ကြီး ဦးလွင်ကိုလတ်က လွတ်လပ်သော အာရှအသံ(RFA)၏ မေးမြန်းမှုတွင် ဖြေကြားထားသည်။

“ အချို့ Non CDM လို့သာ ပြောရတာ သူတို့တွေ စိတ်ထဲမှာလည်း မနှစ်မြို့တာတွေရှိနေတယ်။ သူတို့ရဲ့စားဝတ်နေရေး ဘယ်လိုမှ အဆင်မပြေဘူးလေ။ ကျွန်တော်တို့ CDM လုပ်ချိန်ကဆိုရင်တောင် ၇၀ ရာခိုင်နှုန်းလောက်က အဆင်ပြေကြတာမဟုတ်ဘူး။ အဲ့တော့ ကျွန်တော်တို့က CDM လုပ်ပါဆိုပြီး၊ ကျန်ခဲ့တဲ့ Non CDMတွေကို မတိုက်တွန်းချင်တော့ဘူး။ တော်လှန် ရေးအမြန်ဆုံး ဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတာကိုဘဲ NUG အနေနဲ့ စဉ်းစားပေးစေချင်ပါတယ်။ NUG အနေနဲ့တော်လှန်ရေးအောင်မြင်အောင် အကောင်းဆုံးချမှတ်ပေးပါ။ သူတို့ရဲ့သတ်မှတ်ချက်ဟာ တစ်နှစ်အတွင်းဆို တစ်နှစ်အတွင်းပေါ့။ ဘယ်အတိုင်းအတာထိရောက်အောင်လုပ်မယ်ဆိုတာမျိုးပေါ့။” ဟု သတင်းသမား CDM တစ်ဦးက သူ့၏ ဆန္ဒကို ထုတ်ပြောသည်။

“အခုဆို PDF ထဲမှာလည်း လက်နက်မလုံလောက်တာမျိုးတွေရှိတယ်။ တော်လှန်ရေးခရီးဆက်ကြာလာရင် အကွဲအကွဲအပြဲပြဲတွေဖြစ်လာရင် စကစ ကပိုကြိုက်သွားမှာပေါ့။ ကျွန်တော်တို့က ရခိုင်လိုမျိုးဖြစ်ပါ့မလားပေါ့။ AAဆိုရင် တော်လှန်ရေးကြာလာတဲ့အမျှ စည်းလုံးမှုက ပိုများလာတယ်လေ။ ပိုပြီးသန်မာလာတယ်။ တောင့်တင်းလာတယ်။ ဒီလိုမျိုးဖြစ်ဖို့ဆိုရင် ကိုဇေယျာသော်တို့ဆိုခဲ့တဲ့ သီချင်းထဲကအတိုင်း အားလုံးစုစည်းညီညွှတ်ဖို့လိုတယ်။” ဟု ဆက်ပြောသည်။

ထို့အပြင် စက်တင်ဘာ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည် အမျိုးသားညီညွှတ်ရေးအစိုးရ၏ (၆၉)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း CDM ဝန်ထမ်းများကို အလုပ်ခန့်အပ်နိုင်ရန်ပြောကြားထားပြီး၊ ၎င်းတို့၏ အုပ်ချုပ်ရေးအင်အားအတွက် အကောင်အထည်ဖော်နိုင်ရန် CDM ဝန်ထမ်းအင်အား အများအပြားလိုအပ်လာမည်ဖြစ်ကြောင်း ဆိုထားပြန်သည်။

NUG အစိုးရ ဝန်ကြီးချုပ်ရုံးက တာဝန်ယူထားသော ဋ္ဌာန (၁၀) ခု အနက် မကြာခင်ပေါ်ပေါက်လာမည့် ပြည်နယ်အစိုးရများ၏ စီမံထိန်းချုပ်နယ်မြေ များတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍအတွက် ကျွမ်းကျင်သည့် စိုက်ပျိုးမွေးမြူရေး CDM ဝန်ထမ်းများကို ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်းများပြုလုပ်နေပြီး တော်လှန်ရေးအတွက် လိုအပ်ချက်ရှိသော နေရာတွင် ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်နေကြောင်း ဆိုသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲရလာဒ်အပေါ် မဲမသမာမှုများရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် နိုင်ငံတွင်းရှိ ပြည်သူလူထု၏ ဘဝများမှာ အနာဂတ်ပျောက်ခဲ့ကြသည်။ ခါးသီးကုန်သည်။ ပြည်သူလူထုအပေါ် အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ စစ်ဗိုလ်ချုပ်များ စိတ်တိုင်းကျတပ်သည့် ပုဒ်မများဖြင့် နှစ်ရှည်ထောင်ချခြင်း၊ ရပ်ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ကလေးငယ်အပါအဝင် ပြည်သူလုထုအား ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဒီမိုကရေစီလမ်းစဉ်ဟု တွင်တွင် ပြောနေသော်လည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို လူသားမဆန်သော အပြုအမူများ ဖြင့် ဖြိုခွင်းခြင်းများပြုလုပ်လျက်ရှိသည်။

ယင်းအပေါ် နိုင်ငံရေးအရ စင်ပြိုင်အစိုးရဖြစ်သည့် NUG အနေဖြင့် ယင်းအပြုအမူများအပေါ် မည်သို့ အရေးယူဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်များ ထုတ်ပြန်ရုံမှတစ်ပါး ပြည်တွင်းတွင် တော်လှန်ရေးအတွက် တစ်စိုက်မတ်မတ်လှုပ်ရှားနေကြသော ကျောင်းသားလူငယ်အပါအဝင် တက်ကြွလှုပ်ရှားသူများ နေ့စဉ်နှင့် အမျှဖမ်းဆီးစစ်ကြောခံနေရခြင်းနှင့် ပုဒ်မများစွာတပ်ကာ အကျဉ်းကျခံနေသည်။

စစ်ကောင်စီက ရွေးကောက်ပွဲမဲမသမာမှု ပြုလုပ်သဖြင့် အာဏာထိန်းသည်ဟု ဆိုလင့်ကစား ယင်းကာလအတွင် မဲရုံများတွင် မံရုံမှုး၊ မဲလက်မှတ်ပေးေ၀ သူ၊ မဲလက်မှတ်ရေတွက်၍ သက်ဆိုင်ရာ ကော်မရှင်ခွဲများသို့ ချိတ်ပိတ်ပို့ဆောင်မှု စသည့် လုပ်ငန်းစဉ်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျောင်းဆရာ၊ဆရာမများက အဓိက အခန်းကဏ္ဍတွင် တာဝန်ယူဆောင်ခဲ့ကြပြီး၊ မဲမသမာမှု ပြုသည် မပြုသည်ကို ၎င်းတို့ကပင် အသိရှိဆုံးဖြစ်မည်။ သို့သော် နွေဦးတော်လှန်ရေးကာလအတွင်း ဒုတိယမြောက်အများဆုံး CDM ဝန်ထမ်းများသည် ကျောင်းဆရာ၊ ဆရာမများပင် ဖြစ်ခဲ့တော့သည်။

“အလုပ်က ထွက်လာတဲ့အကြောင်းအရင်းက စစ်တပ်က အာဏာသိမ်းတာ အနိုင်ကျင့်တာ လူပါးဝတာမကြိုက်လို့ပေါ့။ အရပ်သားအစိုးရကိုလည်း အရမ်းကြိုက်နေလို့တော့မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်သူကို ဒီလို ဥပက္ခာပြုပြီး လုပ်သွားတယ်ဆိုတာက တော်တော်ကို တရားလွန်တာပေါ့။ အဲ့ဒီအတွက် CDM ဝန်ထမ်းများစုက ပြည်သူကိုစော်ကားတာဆိုပြီးတော့ ထွက်လာကြတာ။ ဆရာ၊ဆရာမတွေကိုယ်တိုင်လည်း သူတို့ ကိုယ်တိုင်မဲရုံစောင့်ကြပ်ခဲ့တာဘဲ လေ။ သမာသမတ်ကျ မကျဆိုတာ သူတို့ အသိဆုံးပေါ့။ အခု CDMလုပ်တဲ့ အထဲမှာလည်း ဆရာ၊ ဆရာမ အများစုပါတာဘဲ။” ဟု ပညာရေး CDM ဝန်ထမ်းတစ်ဦးက ထောက်ပြသည်။

မည်သို့ပင်ဆိုစေကာမူ CDM ဝန်ထမ်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက တော်လှန်ရေးအချိန်ကြာလာသည်နှင့်အမျှ အမျိုးသားညီညွှတ်ရေးအစိုးရ အနေဖြင့် အပြီးသတ်အောင်ပွဲကိုအမြန်ဆုံးဆင်နွဲပေးရန် တိုက်တွန်းချင်ကြောင်းနှင့် ထုတ်ပြန်ချက်များ ထုတ်ပြန်နေရုံဖြင့် ရေရှည်တွင် စုစည်ညီညွှတ်မှု ထက် အကွဲအပြားပြား ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း သတိပေးစကားဆိုကြသည်။

“CDM စလုပ်တဲ့အချိန် နေရေးအတွက် အဓိကရှာဖွေရတာပေါ့။ စားတာက ဘယ်လိုစားစား အဆင်ပြေပေမယ့် ဝန်ထမ်းအိမ်ယာက ဆင်းပေးလိုက်ရတာ တစ်ခုဟာ မိသားစုများတဲ့ အိမ်ထောင်စုတစ်ခုအဖို့ အခက်အခဲဖြစ်နေကြတာ အမှန်ပါဘဲ။” ဟု သူ ကြုံခဲ့ရပုံကို ဟု မြန်မာ့အသံ CDM ဝန်ထမ်းက ပြော သည်။

“ကောင်းမွန်တဲ့ အစိုးရ ၊ သန့်ရှင်းတဲ့ အစိုးရတစ်ရပ် တက်မလာမချင်း CDM ဆက်လုပ်သွားမယ်။ ကိုယ်လုပ်နိုင်တာက CDM လုပ်ပေးတာဘဲ။ အဆုံးစွန်အ ထိ တောင့်ခံသွားမယ်။ ကျန်တဲ့သူတွေကလည်း လုပ်စရာရှိတာကို တစ်ညီတညွှတ်ထဲ ဆက်လုပ်စေချင်တယ်။ လူထုကလည်း အာဏာ ရှင်အစိုးရဘက်ကို လုံး၀ မယိမ်းယိုင်ဘဲနဲ့ နိုင်သလောက် တောင့်ခံပေးမယ်ဆိုရင် အချိန်တစ်ခုမှာ ပြီးသွားလိမ့်မယ်။ ရှစ်လေးလုံးနဲ့ မတူတဲ့ ရှစ်လေးလုံးတုန်းက မရခဲ့တဲ့ စုစည်းညီညွှတ်မှုနဲ့ အာဏာရှင်ကို အဆုံးသတ် အမြစ်ဖြတ်ပစ်နိုင်လိမ့်မယ်လို့လည်း အခု အချိန်အထိတော့ ယုံကြည်ရင်း တောင့်ခံထားပါတယ်။ ကျန်တဲ့ အခက်အခဲတွေတော့ မပြောချင်တော့ဘူး။” ဟု သူကပဲ ပြောသည်။