ဖားကန့်တွင် နယ်ထိန်း ရဲဝန်ထမ်းဟောင်းတစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် နယ်ထိန်းရဲဝန်ထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ဒေသခံများက ပြောသည်။
နယ်ထိန်း ရဲဝန်ထမ်းဟောင်း တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး သေဆုံးနေသည့် အလောင်းကို ဖားကန့်မြို့၊ မရှီက ထောင် ကြိုးတံတားထိပ်တွင်တွေ့ရှိခဲ့သည်ဟု ဖားကန့်ဒေသခံများက ပြောသည်။
“ရင်ဝကို သေနတ် မှန်ထားတယ်။ တချို့ပြောနေကြတာတော့ ကြိုးတံတားထိပ်မှာပဲ သေနတ်နဲ့ပစ်သွားတယ်လို့ လည်း ပြောနေကြတယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
အောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီကျော်က နယ်ထိန်း သက်နိုင်ဦး ဆိုသူ သေနတ်ဒဏ်ရာဖြင့် သေဆုံး နေသည့် အလောင်းကို မရှီကထောင် ကြိုးတံတားထိပ်တွင် မြင်တွေ့ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
နယ်ထိန်း သက်နိုင်ဦးဆိုသူသည် လွန်ခဲ့သည့် တစ်နှစ်ခန့်က ဖားကန့်ထောင်တွင် အမှုတစ်ခုနှင့် ထောင်ကျနေပြီး လွန်ခဲ့သည့် ၅ ရက်ခန့်ကမှ ပြန်လည် လွတ်မြောက်လာသူဖြစ်သည်ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အသတ်ခံလိုက်ရသည့် အဆိုပါ နယ်ထိန်း၏ ရုပ်အလောင်းကို အောက်တိုဘာလ ၁၀ ရက်နေ့၊ နေ့လည် ၁ နာရီ အချိန်ခန့်တွင် စစ်ကောင်စီက လာယူသွားသည်ဟု ဒေသခံများက ပြောသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ရှိ သျှားညိုမိုး ကုန်စုံဆိုင်တွင် ဈေး ဝယ်နေသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦး သေနတ်နှင့် ပစ်ခတ်ခံခဲ့ရသည့်အပြင် သြဂုတ်လအတွင်းက ဖားကန့်မြို့၊ မှော်ရှန် ရပ်ကွက်တွင် ရဲ ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကာ ဆိုင်းတောင်ကျေးရွာတွင်လည်း ရဲတပ်ဖွဲ့အချို့ လည်း ပစ်ခတ် ခံခဲ့ရသည်များ ရှိသည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုများ မကြာခဏ ဖြစ်ပွားနေသော်လည်း ယနေ့အချိန်ထိ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက် သည့် တရားခံများကို စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးအရေးယူ နိုင်ခြင်း မရှိဘူးဟုလည်း ဒေသခံများက ပြောသည်။