ဆင်ဘိုတွင် လူလေးဦး အမည်ဖြင့် သတိပေးစာ ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။

ကချင်ပြည်နယ်၊ ဆင်ဘိုမြို့တွင် လူ ၄ ဦး၏ အမည်များကို ရေးသားထားပြီး သတိပေးစာ ပစ်ခံရသည့်အတွက် ဒေသခံများ စိုးရိမ်နေကြသည်ဟု ပြောသည်။

ဆင်ဘိုမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ဦးအောင်ဇေယျလမ်းပေါ်က လမ်းဘေးမြောင်းဘောင်၌ ကဒ်ထူစက္ကူပေါ်တွင် လူ ၄ ဦး၏ အမည်များကို ရေးသားထားပြီး သတိပေးစာပစ်ခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆင်ဘိုမြို့ခံ အမျိုးသားတစ်ဦး က “ဘယ်သူက ဘယ်အဖွဲ့က လုပ်တာလဲတော့ မသိဘူး။ သူတို့နဲ့ လူမှုရေး ရန်ညှိး ရန်စရှိသလားလို့ စဉ်းစားရတယ်။ တစ်ဖက်အဖွဲ့အစည်းက KIA ဆိုရင်လည်း ဒီလိုဖြစ်သလိုတော့ မရေးလောက် ဘူး။ အခုက အလိုရှိသည် ဆိုပြီး ခြိမ်းခြောက်သလိုလိုမျိုး ရေးထားတာ” ဟု ပြောသည်။

အောက်တိုဘာလ ၁၆ ရက်နေ့၊ နံနက်က ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး ဦးစိုးညွှန့်၊ သမ္မတ ဦးဝင်းမြင့် လက်ထက်တွင် ရာအိမ်မှူးအဖြစ်တာဝန်ယူခဲ့သူ ဒေါ်ခင်ယုံ၊ ဒေသခံ ဦးစိုးအောင်နှင့် ဒေါ်ခင်သီ တာထွန်း ၄ဦးတို့၏ အမည်များကို အလိုရှိသည်ဟု ရေးသားထားကြောင်း ဆင်ဘိုဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့တွင်လည်း ဆင်ဘိုမြို့၊ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင် ထွဋ်နှင့် ရာအိမ်မှုး ဦးလှစင်းတို့ ဆင်ဘိုမြို့နှင့် မြင်သာကျေးရွာလမ်းဟောင်းပေါ်တွင် အသတ်ခံခဲ့ရသည့် ဖြစ်စဉ် လည်း ဖြစ်ပွားခဲ့သည်။

၎င်းတို့နှစ်ဦး အသတ်ခံရသည့် ကိစ္စမှာလည်း ယနေ့အချိန်ထိ မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းက မည်သို့ သော အကြောင်းအရင်းကြောင့် သတ်သွားသည်ကို မသိရသေးပေ။

ထိုသို့ အသတ်ခံရပြီးနောက် ယခု သတိပေးစာထပ်မံ ရသဖြင့် မြို့ခံများ စိုးရိမ်နေကြခြင်းဖြစ်သည် ဟု သိရသည်။

ဆင်ဘိုမြို့ထဲတွင် ရဲများမရှိတော့ဘဲ ၃ မိုင်ခန့် ကွာဝေးသည့် မြို့ပြင် စစ်တပ်ဝန်းထဲတွင် သွားရောက် နေထိုင် နေကြသည်ဟု မြို့ခံများက ပြောသည်။

မြို့တွင်း လုံခြုံရေးမရှိ၊ တရားဥပဒေစိုးမိုးမှုမရှိသည့် အခြေအနေကို မြို့ခံပြည်သူများ စိုးရိမ်နေကြသည် ဟု ပြော သည်။

သတိပေးစာ ပေးခံရသူ လေးဦးသည် ယခုလက်ရှိ ဆင်ဘိုမြို့တွင်းတွင် နေထိုင်သူများ ဖြစ်ကြပြီး ဆင်ဘိုမြို့တွင် ဒေသခံ PDF နှင့် KIA များ ဝင်ထွက်လှုပ်ရှားလေ့ရှိပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များလည်း ဝင်ထွက်သွားလာ မှုများ ရှိသည်။

ဆင်ဘိုမြို့တွင် အောင်မင်္ဂလာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်နှင့် ဧရာဦးရပ်ကွက်များရှိပြီး မြစ်ကြီးနားခရိုင်ထဲ က မြို့တစ်မြို့ဖြစ်သည်။ ဒေသခံများအနေဖြင့် ပဲ၊ ပြောင်းနှင့် မိုးစပါးများစိုက်သည့် လယ်ယာစိုက်ပျိုးရေး လုပ် ငန်းကို အဓိကထားလုပ်ကိုင်ကြသည် ဟု သိရသည်။