ထောင်များ လုံခြုံရေး တိုးမြှင့်ကာ ထောင်ဝင်စာပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။

ဧရာဝတီတိုင်းရှိ ပုသိမ် အကျဉ်းထောင် အပါအဝင် ထောင်များအားလုံးတွင် စစ်ကောင်စီက လုံခြုံရေး တိုးမြင့် ထားပြီး ထောင်ဝင်စာ ပို့ခွင့်ကို အောက်တိုဘာ ၂၀ ရက်မှ စ၍ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ထုတ်ပြန်သည်ဟု အကျဉ်းဦးစီးဌာန နှင့် နီးစပ်သူများက ပြောသည်။

“အင်းစိန်ထောင် ရှေ့မှာ မနက်ပိုင်းက ဗုံးပေါက်တယ်။ ဧရာဝတီက ထောင်တွေမှာက မွန်းလွဲပိုင်းကစပြီး ရက် အကန့်အသတ် မရှိ ထောင်ဝင်စာ ပို့ခွင့်ပိတ်လိုက်တယ်” ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သည့် သတင်းအရင်း အမြစ်တစ်ဦး က ပြောသည်။

အင်းစိန်အကျဉ်းထောင် အရှေ့တွင် အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ဝန်းကျင်က ဗုံးပေါက် ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီးနောက် ထိုနေ့မှာပင် ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ် ထောင် အပါအဝင် ထောင် ၅ ခုကို စစ်ကောင်စီက လုံခြုံရေး တိုးမြှင့်ကာ ထောင်ဝင်စာပို့ခွင့် ပိတ်လိုက်ခြင်း ဖြစ် သည်။

ရုတ်တရက် ထောင်ဝင်စာ ပို့ခွင့်ပိတ်လိုက်ခြင်းကြောင့် ထောင်ထဲက အကျဉ်းသားများကို အနယ်နယ် အရပ်ရပ် က ထောင်ဝင်စာ ပို့ကြသည့် မိသားစုဝင်များမှာ အခက်အခဲများ ဖြစ်ရသည်ဟု ထောင်ဝင်စာပို့သည့် မိသားစုများ များက ပြောသည်။

ငပုတောမြို့နယ် တောရွာဘက်မှ သားဖြစ်သူထံ ထောင်ဝင်စာလာပို့သည့် အမျိုးသမီး တစ်ဦးက “ကုန်းတတန် ရေတတန်နဲ့ ထောင်ဝင်စာလာပို့ ရတာပါ။ အခု ပို့ခွင့် မရဘူး ပိတ်လိုက်တယ်ဆိုတော့ ဘာလုပ်ရမှန်းတောင် မသိ ဘူး။ အထဲမှာ ဘာမှရှိတာမဟုတ်ဘူး။ အပြင်က ပို့ပေးမှ အဆင်ပြေတာ” ဟု ပြောသည်။

ဧရာဝတီတိုင်း အတွင်းရှိ ထောင်များတွင် ထောင်ဝင်စာ ပို့ခွင့်ကို တစ်ပတ်လျှင် တစ်ရက်၊ တစ်ကြိမ်သာ ပို့ခွင့်ရ ကြပြီး တစ်လလျှင် ၄ ကြိမ်ပို့ ခွင့်ပေးထားရာမှ ယခု ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်သည်ဟု အကျဉ်းဦးစီးဌာနထံမှ သိရသည်။

အပတ်စဉ် ထောင်စာပို့ခွင့်ရသည့် နေ့များမှာ အင်္ဂါ၊ ဗုဒ္ဓဟူး နှင့် ကြာသပတေး နေ့များဖြစ်ပြီး တပတ်လျှင် တစ်ရက်ပို့ခွင့်ရသည် ဟု ဆိုသည်။

ပုသိမ်ထောင်တွင် ထောင်ဝင်စာပို့ခွင့် ပိတ်လိုက်ရုံသာမက ထောင်တွင်း ထောင်ပြင် လုံခြုံရေးကိုပါ တိုးမြင့်ထား လိုက်ပြီး နှစ်ကြီး နိုင်ငံရေး အကျဉ်းသား အချို့ နှင့် အရေးကြီးသည့် နိုင်ငံရေး အကျဉ်းသားအချို့ ကို သီးသန့် ချုပ်နှောင်ကာ စောင့်ကြည့်နေသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်ဟု နီးစပ်သူများက ပြောသည်။

ပုသိမ်အကျဉ်းထောင် တစ်ခုတည်းမှာပင် ပုသိမ်ခရိုင် ၇ မြို့နယ်က နိုင်ငံရေး အကျဉ်းသား အမျိုးသမီး ၄၀ ကျော် ခန့် နှင့် အမျိုးသား ၃၆၀ ကျော်ရှိနေသည် ဟု ဧရာဝတီ လူအခွင့်အရေး တက်ကြွသူများကွန်ရက် ၏ စာရင်း မှတ် တမ်းများ တွင် ဖော်ပြထားသည်။

ဧရာဝတီတိုင်းအတွင်းက ခရိုင်မြို့ကြီး ၅ မြို့ဖြစ်သည့် ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ ဟင်္သာတမြို့များ တွင် အကျဉ်းထောင်များထား ရှိသည်။