ပအို့ဝ် ပြည်သူ့စစ် PNA အဖွဲ့က အခွန်ကောက်၊ ကားသိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
ဆက်ကြေး အခွန် မပေးဆောင်သည့် ကားများကို ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့က သေနတ်များဖြင့် ပစ်ခတ်ကာ ပြည်သူပိုင် ကားတစ်စီးကို အတင်းအဓမ္မသိမ်းယူခဲ့သည်ဟု ဒေသခံပြည်သူများက ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် ဆက်ကြေး အခွန် မပေးဆောင်သည့် ကုမ္ပဏီက ကားတစ်စီးအား PDF ကားဟု စွပ်စွဲကာ ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က သေနတ်ဖြင့် လိုက်လံ ပစ် ခတ်ခဲ့သည်ဟု ရွာခံပြည်သူများက ပြောသည်။
ဆောင်းပြောင်း စစ်ဆေးရေးဂိတ်တွင် PNA မှ ကားတား၍ ဆက်ကြေးတောင်းသည်ကို ကုမ္ပဏီကားက ပေး ဆောင်ခြင်းမရှိပဲ မောင်းပြေးသောကြောင့် PDF ဟု ယူဆပြီး လိုက်လံပစ်ခတ်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဆောင်းပြာင်းရွာခံ ပအိုဝ်းအမျိုးသားတစ်ဦးက “ဆောင်းပြောင်းဂိတ် မရောက်ခင် ဂိတ်တစ်ခုရှိတယ်။ အဲဒီဂိတ် က ပိုက်ဆံတောင်းနေကြပဲ။ တစ်စီးကို ၅၀,၀၀၀ လောက်ပေးရတယ်။ အဲဒီဂိတ်မှာ မပေးပဲ မောင်းပြေးလာ တော့ ဆောင်းပြောင်းဂိတ် ရောက်တာနဲ့ သေနတ်နဲ့ ပစ်တာ။ ၁၀ ချက်လောက်ကြားလိုက်ရတယ်။ ကားထဲက လူတွေ တော့ ထွက်ပြေးသွားတယ် ပြောတယ်” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီ ဝန်းကျင် အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
သို့သော် အသေးစိတ် ဒဏ်ရာရရှိမှုနှင့် နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးဘူးဟု ရွာခံပြည်သူများက ဆက် ပြောသည်။
ထိုဖြစ်ရပ်နှင့် စပ်လျဉ်း၍ PNA ၏ လူမှုကွန်ယက်စာမျက်နှာ (Facebook Page) တွင် “သာမန်အရပ်သားမှန်သမျှ လွတ်လပ်စွာ လှုပ်ရှားလို့ ရပါတယ်။ မိမိကိုယ်ကို လူကောင်းလို့ သတ်မှတ်ရင် တာဝန်အရ စစ်ဆေးတာကို အစစ် ဆေးခံယူပါ။ အစစ်ဆေးမခံရင် စစ်သဘောသဘာဝအရ ရန်သူသတ်မှတ်ပြီး ပစ်ခတ်ရမှာပါ။ ဒီကိစ္စလည်း ကား ပစ်ခံရလို့ ကားပေါ်ကလူတွေ ဘာလို့အကုန်ထွက်ပြေးတာလဲ” ဟု ရေးသားထားသည်။
အပစ်ခံရသည့် ကုမ္ပဏီကားမှာ လမ်းဘေးတွင် ထိုးရပ်ခဲ့ပြီး ထွက်ပြေးသွားရသောကြောင့် ကားအပါအဝင် ငွေကျပ် သိန်း ၁၆၀ နှင့် လက်ကိုင်ဖုန်းများကို PNA မှ PDF နှင့် ဆက်စပ်သည်ဟုဆိုကာ သိမ်းယူသွားသည်ဟု ရွာခံပြည်သူများက ပြောသည်။
ဆောင်းပြောင်းရွာခံများနှင့် အဆက်အသွယ်ရှိသည့် ပအိုဝ်းအမျိုးသား တစ်ဦးက “အပစ်ခံရတာ ထွက်မပြေးပဲ ထိုင်ရယ်နေရမှာလား။ စစ်တောင် မစစ်ရသေးဘူး ဆီးပစ်တာပါ။ ဆောင်းပြောင်း မရောက်ခင် ဂိတ်မှာကတည်း က မောင်းပြေးလာတော့ ကားနံပါတ်နဲ့ အတိအကျ သတင်းပို့ပြီး ဆီးပစ်ခိုင်းတာပါ။ PNA တွေပစ်တာပါ။ ဗမာ စစ်သား မပါဘူး” ဟု ပြောသည်။
လွိုင်ကော် – တောင်ကြီး ကားလမ်းမကြီး တလျှောက်တွင် ပြီးခဲ့သည့် ဇွန်လမှ စတင်၍ ဆောင်းပြောင်း စစ်ဆေး ရေးဂိတ် အပါအဝင် ဂိတ်ပေါင်း ၁၀ ဂိတ်ကျော်ရှိသည့်အနက် အနည်းဆုံး ဂိတ် ၃ ဂိတ်ခန့်တွင် PNA မှ ဆက်ကြေး အခွန်များကို ကောက်လေ့ရှိသည်ဟုလည်း ဒေသအတွင်း ခရီးသွားလာနေသည့် ပြည်သူများက ပြောသည်။
ထို့အပြင် PNA အား ဆက်ကြေးအခွန် ပေးဆောင်ရသည်မှာလည်း ကားတစ်စီးလျှင် ခန့်မှန်းခြေ ကျပ် ၅၀,၀၀၀ မှ ကျ် ၁၀၀,၀၀၀ ဝန်းကျင်အထိ အမြဲပေးဆောင်ရသည်ဟု အဝေးပြေးယာဉ်လိုင်း ပြေးဆွဲသူများက ပြောသည်။
သို့သော် PNA စစ်ဆေးရေးဂိတ်များတွင် ယခုကဲသို့သော ပစ်ခတ်မှုမျိုး ယခင်က တစ်ကြိမ်တစ်ခါမျှ မဖြစ်ခဲ့ဖူးပေ။