ဂီတဖျော်ဖြေပွဲ ဗုံးကြဲတိုက်ခိုက်၊ အဆိုတော်များအပါအဝင် လူပေါင်း ၆၀ နီးပါး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။
ကချင်ပြည်နယ် ဖားကန့်ဒေသ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၉ ၊ တပ်ရင်း ၆ ဒေသအတွင်း ဂီတ ဖျော်ဖြေပွဲ တစ်ခုကို တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမျိုး မရှိဘဲ စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲ တိုက် ခိုက်ခဲ့သည့်အတွက် ကချင်ပြည်သူများ၊ ကချင်အနုပညာသည်များနှင့် KIO/KIA က တာဝန်ရှိသူများ စုစုပေါင်း အယောက် ၆၀ နီးပါးခန့် သေဆုံးသွားသည်ဟု ဒေသခံများနှင့် KIO ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO တည်ထောင်ခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားပြုလုပ်ရန် ကချင်ပြည် သူများ၊ အနုပညာရှင်များနှင့် KIO တာဝန်ရှိသူများ စုရုံးရောက်ရှိနေချိန် KIO တပ်မဟာ ၉ နယ်မြေ ဖားကန့် မြို့ နယ်အတွင်းက ဒေသအခေါ် အနန့်ပါ ဆိုသည့် နေရာကို စစ်တပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် ထိခိုက်သေဆုံးမှုများ ရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မနေ့ည ၈ နာရီခွဲလောက်က။ KIO အထိန်းအမှတ်နေ့လေ အဲ့နေ့လုပ်ဖို့အတွက် အစည်းအဝေးလုပ်တာတဲ့။ အဲ့ဒီ က လူကြီးတွေရယ်၊ လောပန်းတွေလည်း ပါမှာပေါ့။ သူတို့ လူ ၁၀၀ ကျော်လောက်စုပြီးမှ အဲ့ဒီရဲ့ ဖြစ်တဲ့နေရာ ဟိုမှာလေ KIA ရဲ့ training ပေးတဲ့နေရာပေါ့နော် အနန့်ပါလို့ ခေါ်တာလေ။ အဲ့မှာလုပ်တာ။ အဲ့မှာ လုပ်တာကို မှ state show တွေဘာတွေလည်း ပါမှာပေါ့ အဲ့မှာ အောင်ရာလီတို့ တခြားအဆိုတော်တွေပါ ပါတယ်။ မိန်းက လေး အဆိုတော်တွေလည်းပါတယ်ပေါ့နော်။ အဲ့မှာ လာကြဲသွားတာတဲ့။
ဗုံးထိမှန် သေဆုံးသွားသူများထဲတွင် အချို့သေဆုံးသူများမှာ ခန္ဓာကိုယ် တစ်စဆီဖြစ်ပြီး မည်သူမည်ဝါဖြစ်သည် ကိုပင် အတည် မပြုနိုင်သေးသည့် ရုပ်အလောင်းလည်း များစွာရှိနေသည်ဟု ပြောသည်။
“သုံးလုံးကျတော့ အဲ့မှာ လူတော်တော် သေသွားတယ်လို့ပြောတယ်။ သွေးချောင်းတောင် စီးသွားတယ်လို့ ပြော တယ်။ အဲ့မှာ လုံခင်းက ကောင်မလေး တွေရော ဗန်းကိုင်ဖို့ သွားတာတောင်မှ အဲ့ဒါပါသွားတယ်။ ၁၈-၁၉ လောက်ပဲရှိသေးတယ်။ အဲ့ဒီကောင်မလေး တွေက။ အဲ့မှာ သုံးလုံးတောင်မှ တခါတည်းချတာ အုံနေတဲ့နေရာ ဆိုတော့ သေတဲ့လူတော်တော်များတယ်တဲ့။”
ကချင်နာမည်ကြီးအဆိုတော် ကိုအောင်ရာလီ၊ ကချင်အမျိုးသမီးအဆိုတော် တစ်ဦးတို့အပါအဝင် အနုပညာသည် ၄ ဦးခန့်နှင့် ဒေသခံပြည်သူများ၊ KIO တာဝန်ရှိသူများ စုစုပေါင်း အယောက် ၆၀ ခန့် သေဆုံးသွားသည်ဟု ကနဦး သတင်းများ ရရှိထားပြီး ထိခိုက်ဒဏ်ရာ ရရှိသူလည်း အယောက် ၄၀ ကျော်ခန့် ရှိသည်ဟု ဒေသခံများက ပြော သည်။
ထိခိုက်ဒဏ်ရာ ရရှိထားတဲ့သူ အများစုကလည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အနေအထားမျိုးဖြစ်နေကြပြီး သေဆုံး ထိခိုက်ဒဏ်ရာ ရရှိသူများ၏ ရုပ်အလောင်းများ သွားကောက်ရန်လည်း စစ်တပ်က ဖားကန့်ကို ဝင်သည့် လမ်းများကို ပိတ်ထားသည့်အတွက် အဆင်မပြေဖြစ်နေကြသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ပြန် ကြားရေး တာဝန်ခံလည်းဖြစ်သည့် ဗိုလ်မှူးကြီး နော်ဘူက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။
“ဘယ်လောက် သေတယ် ဘယ်လောက် ထိခိုက်တယ်ဆိုတာကတော့ အခုထက်ထိတော့ သီးခြားအတည်ပြုနိုင် တဲ့ အရေအတွက်တွေကတော့ မရသေးဘူးပေါ့။ စစ်ဆေးနေတုန်းပဲ ဖြစ်ပါတယ်။ ဟိုမှာလည်း အခုလောလော ဆယ် ဒီအခြေအနေမှာကတော့ တော်တော်လေး အလုပ်ရှုပ်နေတဲ့အချိန်ကာလလည်း ဖြစ်နေတယ်။ နောက် အပြင်က လူတွေလည်း သွားလာဖို့လည်း အကုန်လုံးကတော့ စစ်ကောင်စီဘက်ကနေ ပိတ်ထားတာ ကြားသိရ ပါတယ်။ ဂိတ်တွေဘာတွေမှာလည်း သူက စစ်ဆေးပြီးမှ တော်တော်လေး အခက်အခဲကြုံနေတဲ့ အချိန်ကာလ ဖြစ်ပါ တယ်။ ဒီ လူမဆန်တဲ့လုပ်ရပ်လို့ပဲ ပြောမှာပေါ့။ ကျနော်တို့ ပြည်သူလူထုနဲ့အတူတူ စုဝေးနေတာလည်း သူတို့က သိရဲ့သားနဲ့ လုပ်တယ်ဆိုတော့ ဒါက စစ်ရာဇဝတ်မှု မြောက်တယ်လို့ပဲ ပြောဆိုလို့ပဲ ရမှာပေါ့။”
ယခု စစ်ကောင်စီ၏ လုပ်ရပ်သည် စစ်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမျိုးမရှိ၊ ပြည်သူများရှိနေသည့် နေရာများနှင့် အရပ်သားများကို တိုက်ခိုက်ခြင်းဖြစ်သည့်အတွက် စစ်ရာဇဝတ်မှုမြောက်သည်ဟု နိုင်ငံရေးလေ့လာသုံးသူ ဦးသန်းစိုးနိုင်က ပြောသည်။
“မလုပ်သင့်မလုပ်ထိုက်တဲ့ကိစ္စလို့ပဲ ထင်ပါတယ်။ စစ်ပွဲဖြစ်နေတာလည်း မဟုတ်၊ တိုက်ပွဲဖြစ်နေတဲ့ အခြေအ နေလည်း မဟုတ်။ သူတို့ဒေသမှာ သူတို့ အခမ်းအနားတရပ်ကျင်းပနေတဲ့ အခါမှာ အဲ့ဒီမှာ တပ်ဖွဲ့ဝင်တွေလည်း ပါမယ်။ သာမန်အရပ်သူ အရပ်သားတွေလည်းပါမယ်။ ဒီလိုအခြေအနေမျိုးမှာ ဗုံးကြဲတယ်ဆိုတာ မလုပ်သင့် တဲ့ မလုပ်ကောင်းတဲ့ စစ်ရာဇဝတ်မှုတရပ်အဖြစ် ကမ္ဘာက အသိအမှတ်ပြုထားတာ။ အဲ့လို လုပ်တဲ့ဟာ မကောင်း ဘူးလို့ သုံးသပ်ပါတယ်။ ဒါပေမယ့် စစ်ဖြစ်နေတာပဲ အခွင့်အရေးရရင် ရသလို လုပ်မယ်ဆိုတဲ့ အယူအဆက အကြမ်းဖက်ဝါဒကို လိုလားတဲ့ အင်အားစုတွေရဲ့ အယူအဆပါပဲ။ အခွင့်သာလို့ရှိရင် ဘယ်သူဖြစ်ဖြစ် ဘယ်နား ဖြစ်ဖြစ် တိုက်ခိုက်တယ် သတ်ဖြတ်မယ် မလိုလားတဲ့ အင်အားစုတွေရဲ့ အယူအဆပါပဲ။ ကျနော်တို့ ခြုံပြော ရ ရင် စစ်ရာဇဝတ်မှု ဖြစ်ပါတယ်။”
ပွဲစီစဉ်သူများ၏ ဖိတ်ကြားမှုအရ ကချင်အနုပညာရှင် ၉ ဦးခန့် ယခုအခင်းဖြစ်ပွားသည့် နေရာကို အဲ့ဒီနေရာကိုရောက်ရှိနေသည်ဟု ကချင် သတင်းဌာနတစ်ခုဖြစ်သည့် KNG သတင်းမှာ ရေးသားထားသည်။ သတင်းနှင့် မီဒီ ယာကွန်ရက် သတင်းဌာနအနေဖြင့် ထိခိုက်သေဆုံးသူမှု အချက်အလက်အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။
ယနေ့ ဖြစ်ပွားခဲ့သည့် KIA တပ်မဟာ ၉ ဒေသ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ကချင်ပြည် သူများနှင့် KIO/KIA အဖွဲ့ဝင်များ သေဆုံးနှင့်ပတ်သက်၍ ဝမ်းနည်းသည့် အထိမ်းအမှတ်နေဖြင့် KIO ထိန်းချုပ် နယ်မြေများအတွင်း အလံတစ်ဝက် လွှင့်ထားသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသအတွင်း မကြာခဏ လေယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ ဗုံးကြဲတိုက် ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် စစ်ရေးပစ်မှတ် အရပ်သား ပစ်မှတ်ခွဲခြားပဲ ပစ်ခတ်မှုများ ရှိခဲ့သော်လည်း အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့်အတွက် သတင်းအချက် အလက် အတိအကျရယူဖို့ ခက်ခဲလျှက် ရှိသည်။