နယ်ထိန်းရဲတစ်ဦး ဘီယာ သောက်နေစဉ် ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း နယ်ထိန်းရဲတစ်ဦး ဘီယာဆိုင်တွင် ဘီယာသောက်နေစဉ် ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ထောင်မှူးကျေးရွာအုပ်စု၊ စျေးမသွယ်ကျေးရွာတွင် နယ်ထိန်း ရဲတပ်ကြပ် အောင်ဝင်းထွန်းဆိုသူ အင်္ဂါနေ့ ညနေ ၆ နာရီဝန်းကျင် အချိန်ခန့်က ပစ်သတ်ခံရခြင်း ဖြစ်သည်။
”သိရသလောက်က နယ်ထိန်းရဲတပ်ကြပ် အောင်ဝင်းထွန်းက ဘီယာဆိုင်မှာ ဘီယာသောက်နေတဲ့အချိန်မှာ ပစ် သတ်ခံရတာဖြစ်တယ်၊ သေနတ်ဒဏ်ရာတွေနဲ့ အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နယ်ထိန်းရဲတပ်ကြပ် အောင်ဝင်းထွန်းသည် ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန် ဒဏ်ရာရရှိပြီး အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
နယ်ထိန်းရဲတပ်ကြပ် အောင်ဝင်းထွန်းကို ပစ်ခတ်ရှင်းလင်းမှုကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
”နယ်ထိန်းသည် လမ်းဘေးဓာတ်ဆီဆိုင်များတွင် ဓာတ်ဆီထည့်လျင် ပိုက်ဆံမပေးတဲ့အပြင် ဆိုင်ရှင်များအား ခြိမ်းခြောက်ပြောဆိုနေတဲ့အတွက် ယခုလိုရှင်းလင်းရခြင်းဖြစ်တယ်” ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူက ထုတ်ပြန် ပြောဆိုထားသည်။
နယ်ထိန်းရဲတပ်ကြပ် အောင်ဝင်းထွန်းသည် ဒေသခံပြည်သူများကို ငွေကြေးခြိမ်းခြောက် တောင်းခံမှုများ ရှိနေ သည့်အပြင် လမ်းဘေးဓာတ်ဆီဆိုင်များတွင် ဆီထည့်လျှင်လည်း ဆိုင်ရှင်များကို ပိုက်ဆံမပေးခြင်းတို့ကို လုပ် ဆောင်နေသူ ဖြစ်သည်ဟုလည်း သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောသည်။
ထို့အပြင် ဈေးမသွယ်ကျေးရွာ အုပ်ချုပ်ရေးမှူးအနေဖြင့်လည်း တစ်ပတ်အတွင်း နှုတ်ထွက်ရန် သထုံပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့က သတိပေး ထုတ်ပြန်ထားသည်။