ဖားကန့်အဝင်အထွက် လုံခြုံရေး တင်းကြပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အဝင် ထိပ်ရှိတံတားနှင့် တံတားအနီးရှိ နှစ်မျက်နှာဘုရားပေါ် တွင် စစ်ကောင်စီတပ်သားများက နေရာယူထားပြီး စစ်ဆေးမှုများကို တင်းကြပ်စွာ ပြုလုပ်နေသည်ဟု လုံးခင်း ဒေသခံများက ပြောသည်။
အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက် ၁၀ နာရီခွဲခန့်တွင် လုံးခင်းကျေးရွာအဝင် မိန်းလမ်းမကြီးပေါ်တွင် စစ်ကောင် စီ တပ်သား အင်အား ၅၀ ကျော်ခန့်က စစ်ဆေးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု လုံးခင်းကျေးရွာသူ အမျိုးသမီးတစ်ဦး က ပြောသည်။
“လုံးခင်းတံတားထိပ် နှစ်မျက်နှာဘုရားမှာ တပ်အထိုင်ချမယ် ထင်တယ်။ ဒီနေ့မနက် ပေပါတွေချနေတာလည်း တွေ့ခဲ့တယ်။ ယူနီဖောင်းမပါဘူး အရပ်ဝတ်နဲ့ပဲ။ လက်နက်အပြည့်အစုံနဲ့ အရင်ကတော့နေတာက ကြာပြီ။ ဒါ ပေမယ့် အခုက ဒီတံတားကို ကြည့်ရတာက လမ်းပိတ်မယ့်သဘောပေါ့။ ပေပါတွေလည်း ချနေတာတွေ့ခဲ့တာ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
နန့်ယားကျေးရွာထိပ်တွင်ရှိသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းဂိတ်၊ လယ်ပြင်ဂိတ်နှင့် မရန်ကထောင် ဂိတ်တို့တွင်လည်း ဆေးဝါးများ သယ်ယူခွင့်ကို ပိတ်ပင်ထားသည်ဟု မြစ်ကြီးနား-ဖားကန့် ယာဉ်ပြေးဆွဲနေသည့် ကားသမား (ယာဉ်မောင်းများ) က ပြောသည်။
ထို့အပြင် ဖားကန့်ဒေသအတွင်းသို့ စက်သုံးဆီနှင့် ဆန်သယ်ယုခွင့်များကိုလည်း စစ်ကောင်စီက တားမြစ်ထားသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ပိုင်းမှ စတင်၍ နန့်ယားကျေးရွာ စစ်တပ်ဂိတ်တွင် ဆီကားအစီးရေ ၁၀၀ ကျော်ကို ပိတ်ထားသည်မှာ ယနေ့တိုင်ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
နန့်ယား စစ်တပ်ဂိတ်တွင် ဆန်နှင့် စက်သုံးဆီများကို ပိတ်ဆို့ထားသည့်အတွက် ဖားကန့်မြို့တွင်းအပြင် မြို့ပြင်က ကျေးရွာများတွင် စက်သုံးဆီ ဆီပြတ်လပ်သည့် ပြဿနာများနှင့် ရင်ဆိုင်နေရပြီဟု ဒေသခံများက ပြောသည်။
ဖားကန့်မြို့နယ်၊ ကံဆီးကျေးရွာရှိ၊ အနန့်ပါဒေသတွင် အောက်တိုဘာလ ၂၃ ရက်နေ့ညက ဖြစ်ပွားခဲ့သည့် KIO တည်ထောင်သည့် ၆၂ နှစ်ပြည့် အထိမ်းအမှတ် ဂီတပွဲတော် လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရပြီးနောက် ဖားကန့် မြို့ အဝင်အထွက် ဂိတ်များတွင် စစ်ဆေးမှုများ တင်းကြပ်ထားသည့်အပြင် မြစ်ကြီးနား-ဖားကန့်လမ်း တလျှောက်တွင်လည်း စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုများရှိနေသည် ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် KIO/KIA မှ တပ်မှူး၊တပ်သားများ၊ ကချင်အနုပညာရှင်အချို့၊ အရပ်သားပြည်သူများ အပါအဝင် ထိခိုက်သေဆုံးသူ ၆၀ ကျော်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူလည်း အယောက် ၆၀ ကျော်ရှိခဲ့သည်။