လွိုင်ကော် မြို့နယ်အတွင်း ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။ ဘ

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီ၏ လွိုင်ကော် အမြောက်တပ်မှ လက်နက်ကြီးရမ်းသန်း ပစ်ခတ်မှုများကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး နှင့် ရွာခံအမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်နေရသည်။

စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများနေထိုင်သည့် ပိန်းချစ်ကျေးရွာအုပ်စု၊ ကုန်းဆွတ်ကျေးရွာထဲသို့ လက်နက်ကြီးများ ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီး ၂ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ရွာခံ ပြည်သူ များက ပြောသည်။

အသက် ၃၅ နှစ်အရွယ် ကုန်းဆွတ်ရွာခံ အမျိုးသားတစ်ဦးက “ကိုယ်ဝန်ဆောင်တစ်ယောက်တော့ ပေါင်ထဲ လက် နက်ကြီးစ ဝင်သွားတယ်။ အခြေနေဆိုးတယ်။ ဗိုက်မထိပေ မယ့် သူ တအားလန့်သွားတော့ ကလေးပျက်ကျနိုင် တယ်လို့ ပြောတယ်။ နောက်တစ်ယောက်က လည်ပင်းထဲ လက်နက်ကြီးစ စိုက်နေတာ။ အစာရေမြိုလမ်း ကြောင်း ထိတယ်။ နှစ်ယောက်လုံး စိုးရိမ်ရတယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်ခန့် အချိန်က ကုန်းဆွတ်ကျေးရွာထဲသို့ စစ်တပ်က လက်နက်ကြီး ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ရာမှ အဆိုပါ အမျိုးသမီး ၂ ဦးသည် ယနေ့အချိန်ထိ အသက်အန္တရာယ် စိုးရိမ်နေရဆဲ ဖြစ်သည်ဟု ရွာခံပြည်သူများက ပြောသည်။

စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် လူနေအိမ်တစ်လုံး၊ ဘုန်းကြီး ကျောင်းတစ်ကျောင်းနှင့် ကျောင်းဝင်းအတွင်းရှိ ထော်လာဂျီတစ်စီးနှင့် ကားတစ်စီးလည်းပျက်စီးကာ ရိတ်သိမ်း ထားသော စပါးများလည်း မီးလောင်ပျက်စီးသွားသည်ဟု ရွာခံပြည်သူများက ပြောသည်။

ထိုသို့ လက်နက်ကြီးကျရောက်ပြီးသည့် နောက်ပိုင်းတွင် အချို့သော ကုန်းဆွတ်ရွာခံများမှာ ရှမ်းပြည်နယ်တောင်ပိုင်းဘက်သို့ စစ်ရှောင်သွားကြသည်ဟု သော်လည်း အချို့သောရွာသားများမှာ တောင်ယာ မရိတ်သိမ်းရသေးသောကြောင့် စပါးများကို စိတ်မချဟုဆိုကာ ရွာထဲတွင် ဆက်လက်နေထိုင်‌နေကြသေးသည်ဟု ဒေသခံများက ပြောသည်။

ရွာခံ ပြည်သူတစ်ဦးက “အကုန်လုံး ကြောက်လန့်နေကြတယ်။ သေမှာတော့ ကြောက်ကြတယ်လေ။ ဒါပေမယ့် တစ်နှစ်လုံး အပင်ပန်းခံ စိုက်ထားရတယ်ဆိုတော့ လက်မလွှတ်ချင်ကြဘူးပေါ့။ ကျနော်တို့ စစ်ရှောင်ကြမယ် ဆိုရင်တောင် ဒီနောက်ပိုင်းက ကူညီမယ့်သူတွေ မရှိတော့ဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ပြီးသည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှစပြီး ယနေ့အချိန်ထိ လွိုင်ကော်မြို့ နယ်အတွင်းရှိ ကျေးရွာအများစုတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်ဟု ဒေသခံများက ဆိုသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့ညတွင်လည်း ကုန်းဆွတ်ကျေးရွာထဲသို့ စစ်ကောင်စီတပ်က လက် နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး ကျောက်ကြီးကျေးရွာတွင် ရွာခံအမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ထို့အပြင် နိုဝင်ဘာလ ၄ ရက်နေ့တွင်လည်း လက်နက်ကြီးကြောင့် ကုန်းဆွတ်ကျေးရွာရှိ လူနေအိမ် ၅ လုံး ပျက် စီးခဲ့ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ရွာခံ ၄ ဦး (မိသားစုတစ်စု) ထိခိုက် ဒဏ်ရာရရှိခဲ့ ကြသည်။

စစ်ကောင်စီမှ ကုန်းဆွတ်ကျေးရွာထဲသို့ ယခုတစ်ကြိမ် လက်နက်ကြီး ပစ်ခတ်မှုမှာ ၃ ကြိမ်မြောက်ဖြစ်ပြီး စစ် ဘေးမရှောင်နိုင်ဘဲ ရွာထဲတွင် ကျန်ရှိနေသေးသည့် ရွာခံအချို့မှာ နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်နေကြ ရသည်ဟု ရွာခံပြည်သူများက ပြောသည်။