စစ်ကောင်စီ လက်နက်ကြီးကြောင့် ၅ နှစ်အရွယ် မိန်းကလေး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်။

စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ကရင်နီ ပြည်နယ် ဒီမော့ဆို မြို့နယ်အတွင်း ၅ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး ၁၀ ဦးထိခိုက် ဒဏ်ရာရရှိသည် စစ်ရှောင်များအား ကူညီဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများက ပြောသည်။

ကယား (ကရင်နီ)ပြည်နယ်တွင် စစ်ကောင်စီတပ်များက ရမ်းသန်းပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ် များကြောင့် တစ်ရက်တာအတွင်း ၅ နှစ်အရွယ်မိန်းကလေး တစ်ဦး သေဆုံးပြီး အရပ်သား ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည် ဟု ထိခိုက်ဒဏ်ရာရရှိသူများအား ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများ၏ တာဝန်ရှိသူများက ပြောသည်။

လက်နက်ကြီးထိမှန်သူများမှာ မိသားစုတစ်ခုမှ မိသားစုဝင်များ ပါဝင်ပြီး ဇနီးမောင်နှံ ၂ ဦး၊ ၎င်းတို့၏ သမီး ၂ ဦးနှင့်အတူ သားမက် ၂ ဦး၊ မြေးတော်စပ်သူ နှစ်ဦးတို့ ပါဝင်သည်။

နိုဝင်ဘာလ ၁၅ ရက်နေ့၊ ညနေ ၅ နာရီခွဲကျော်အချိန်၌ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မူကြိုကျောင်း တစ်ခုကို စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ရာ ထိုပစ်ခတ်မှုကြောင့် ၅ နှစ် အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး ၉ လအရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၈ ဦး ဒဏ်ရာ ရရှိကာ မူကြိုကျောင်း အဆောက်အဦ အစိတ်အပိုင်းအများစုလည်း ပျက်စီးသွားသည်။

“ကလေးငယ်လေးကတော့ ဆေးကုနေတုန်းပဲ ဆုံးသွားတာ။ ပေါင်ရင်းထိတာ။ ဒဏ်ရာလည်း ပြင်းတယ်။ အရမ်းငယ်သေးတော့ ထုံဆေး၊ မေ့ဆေးဒဏ်တွေ မခံနိုင်ဘူး ထင်တယ်။ ၉ လတစ်ယောက်လည်း သတိလစ် နေသေးတယ်။ စိုးရိမ်ရတယ်” ဟု ၎င်းတို့အား ကူညီဆောင်ရွက်ပေးနေသည့် အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

အလားတူ နိုဝင်ဘာလ ၁၅ ရက်နေ့၊ ည ၇ နာရီဝန်းကျင် အချိန်ခန့်တွင် လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ့် (ခ) ရပ်ကွက်ရှိ စိမ်းလမ်းစိုပြေ ဝန်ထမ်းရုံးရှေ့ လမ်းကြားနေရာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မောင်းနှင်လာသော ကားအား စစ်တပ်က တားဆီးစစ်ဆေးချိန် ကားရပ်မပေးသဖြင့် စစ်သားမျးက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ သည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “မိန်းကလေး တစ်ယောက်ကတော့ ဘယ်ဘက်ပေါင်မှာ တော်တော်စုတ်သွားတယ်။ ညာဘက် ခြေထောက်က တော့ ဟိုဘက်ဒီဘက် ဖြောင်သွား တယ်။ အရိုးကျိုးသွားတာပေါ့။ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူး” ဟု ပြောသည်။

ထို့အပြင် အမျိုးသားဖြစ်သူမှာ ဘယ်ဘက်ခြေထောက် ကျည်ရှပ်ထိ ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ ၂ ဦးကို လွိုင်ကော် မြို့ ပြည်သူ့ဆေးရုံကြီးသို့ အချိန်မှီ ပို့ဆောင်ပေးနိုင်ခဲ့သည်ဟု ကူညီဆောင်ရွက်ပေးခဲ့သူက ဆက်ပြောသည်။

စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးမှာ အသက် ၃၇ နှစ်အရွယ် လောဓမ္မ ရပ်ကွက်တွင် နေထိုင်သူ ကိုစောဝင်းအေး ဖြစ်ပြီး အမျိုးသမီးဖြစ်သူမှာ အသက် ၂၃ နှစ်အရွယ် ဧက ၅၀၀ ရပ် ကွက်တွင် နေထိုင်သူ မသူဇာဝင်းတို့ ဖြစ်ကြသည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်များ၏ ရမ်းသန်း ပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ်များကြောင့် နိုဝင်ဘာလအတွင်း အရပ်သား ၄ ဦးခန့် သေဆုံးခဲ့ပြီး အယောက် ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ လူနေ အိမ်၊ ဘာသာရေးအဆောက်အဦ၊ စာသင်ကျောင်းများ ၁၀ ခုကျော် ထိခိုက်ပျက်စီးခဲ့သည်ဟု ကူညီဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်း အသီးသီးက တာဝန်ရှိသူများ၏ ပြောပြချက်များအရ သိရသည်။