သတင်းပေး လမ်းပြ ပျူစောထီးအဖွဲ့ဝင် နေအိမ်တွင် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အတွင်း ပျူစောထီးအဖွဲ့ဝင် သတင်းပေး လမ်းပြဆိုသူ ကိုဖြိုးဆိုသူ နေအိမ်အတွင်း၌ သေနတ်ဖြင့် ပစ်သတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။

သေဆုံးသူ ကိုဖြိုးသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ညက ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သူ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ဗိုလ်အောင်ခိုင်၏ ဖခင်အား စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခံရမှုတွင် ကိုယ်တိုင် ပါဝင် လမ်းပြပေးခဲ့သူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“မှောင်စပျိုးချိန်ကြီး သေနတ်သံတွေ ကြားရတာ။ မနက်မိုးလင်းမှ ကိုဖြိုး ပစ်သတ်ခံရတယ်ဆိုတာ သိရတာ” ဟု အသက် ၄၀ ခန့် အရွယ် ရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသတင်းပေး၊ ပျူစောထီး အဖွဲ့ဝင် ကိုဖြိုးဆိုသူမှာ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီခွဲကျော် အချိန် မှောင်စပျိုးချိန်တွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

ကိုဖြိုးသည် ထားဝယ်မြို့ရှိ ရပ်ပြင်ရပ်ကွက်တွင် နေထိုင်သည့် ပျူစောထီးအဖွဲ့ ခေါင်းဆောင် ဦးအောင်စိန် ဆိုသူ၏ တပည့် အရင်းဖြစ်ပြီး နေအိမ်တွင် ရှိနေသည့် ကိုဖြိုးအား လူ ၅ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခဲ့ရာ ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ ကျည်ထိမှန်ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ကိုဖြိုးသည် ပြီးခဲ့သည့် ဇွန်လတွင် ဝဗျောကျေးရွာမှ ဒေါ်ခင်ချိုဆိုသူ သတ်ဖြတ်ခံရမှုတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတူ ရောနှောပြီး ရှိနေခဲ့ခြင်းကြောင့် PDF တပ်ဖွဲ့များက သတိပေးစာ ပေးပို့ခံထားရ သည်ဟု ၎င်းရွာသားတစ်ဦးက ဆိုသည်။

လောင်းလုံးမြို့နယ် အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ၊ သတင်းပေး လမ်းပြ လုပ်နေသူများ အနေဖြင့် ၎င်းတို့လုပ်ရပ်များကို အမြန်ဆုံး ရပ်တန့်ပေးပါရန်နှင့် လိုက်နာခြင်းမရှိပါက သုတ်သင် ရှင်းလင်းသွား မည်ဟု ဒေသခံ PDF တပ်ဖွဲ့များက သတိပေးချက် ထုတ်ပြန်ထားသည်။